သရဲလည်း မကြောက်ဘူးတဲ့။

ငယ်ငယ်ကတော့ သရဲကြောက်တတ်ပေမယ် အရွယ်ရောက်လာပြီးနောက်ပိုင်းမှာ သရဲကြောက်တတ်တဲ့ စိတ်မရှိတော့ဘူးလို့ ဆိုပါတယ်။ အခုချိန်မှာ ပြန်ကြောက်နေရတာ ကိုယ့်ကိုကိုယ်ပါပဲတဲ့။

Photo : ထွန်းထွန်း



လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးဖြစ်နေရတဲ့ သရုပ်ဆောင် ထွန်းထွန်းက အရင်ကထက် အလုပ်တွေကို အလုပ်နဲ့ တူအောင် လုပ်တတ်လာပြီလို့ ဆိုပါတယ်။ အရင်ကလို ကလေး ဆန်တဲ့ စိတ်တွေ မရှိတော့ဘူးတဲ့။

“ကျွန်တော့်ကို လိမ္မာလာပြီလို့ ထင်လား။ စတာပါ။ အရင်ကလိုမျိုးတော့ ကလေးမဆန်တော့ဘူး။ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တတ်လာတယ် ဘယ်ကိစ္စမဆို ကိုယ်ပြောထားတဲ့ ကိစ္စကို ဆုံးခန်းတန်အောင် လုပ်တတ်လာတယ်။ အဲ့ဒါလေးတွေ ပြောင်းလဲသွားတာ” လို့ ထွန်းထွန်းက “ခေါ်သံ” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲနေ့မှာပရိသတ်တွေကို ပြောပြခဲ့တာပါ။

Photo : ထွန်းထွန်း

မကြာခင်မှာလည်း သရဲကားတစ်ကားဖြစ်တဲ့ “ခေါ်သံ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။ သရဲကား ရိုက်ဖို့အတွက် ပြင်ဆင်နေတာကြောင့် သရဲကြောက်တတ်လားလို့ မေးကြည့်တဲ့အခါ ထွန်းထွန်းက ယခုလို ပြန်ပြောခဲ့ပါတယ်။

“ငယ်ငယ်တုန်းကတော့ ကြောက်တယ်။ အခုတော့ မကြောက်တတ်တော့ဘူး။ ကြောက်တာကတော့ ကိုယ့်ကိုယ်ကိုယ်ကြောက်တယ်။ ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မကြောက်ဘူး ကျွန်တော့်ကိုယ်ကျွန်တော် ထိန်းရတာတွေ ရှိလို့ ။ လူကလေ ကိုယ့်စိတ်ကို ကိုယ်မနိုင်တဲ့အခါမှာ ကြောက်စရာအကောင်းဆုံးပဲ။ ဘယ်ကိစ္စမှာမဆို၊ ပိုက်ဆံဖြုန်းတာပဲ ဖြစ်ဖြစ် အပျော်အပါး လုပ်တာပဲ ဖြစ်ဖြစ်၊ အလုပ်ကိစ္စမှာပဲ ဖြစ်ဖြစ် ကိုယ့်စိတ်ကို ကိုယ်ထိန်းရအခက်ဆုံးပဲလို့ ထင်တယ်”လို့ ဆိုပါတယ်။

Photo : ထွန်းထွန်း

ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးကို ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်မှာဖြစ်ပြီး ဒါရိုက်တာ စိုးမိုးမင်းနဲ့ မေဘရဏီတို့က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ထွန်းထွန်း၊ ကျော်ကျော်ဗို၊ ရဲတိုက်၊ ရဲရင့်အောင်၊ အောင်မြင့်မြတ်၊ ခင်လှိုင်၊ ဂျိူကာ၊ အိချောပို၊ မေမြင့်မိုရ် နဲ့ ရွှေအိမ်စည်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဇူလိုင်လအတွင်းမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Photo : ထွန်းထွန်း

ထွန်းထွန်းဟာ အနုပညာလောကထဲကို Examplez အဆိုတော်အဖွဲ့ဝင် ထွန်းထွန်း အဖြစ်နဲ့ စတင်ဝင်ရောက်လာခဲ့သူပါ။ အဲဒီနောက် သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်ဖို့ကြိုးစားရင်း အခုဆိုရင်တော့ ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေရပြီဖြစ်ပါတယ်။ ထွန်းထွန်းဟာ ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က