ဘုန်းသီရိကျော်ဟာ COVID-19 ကာလမှာ သူမဝါသနာပါတဲ့ အရာလေးတွေကို လေ့လာသင်ယူနေတယ်လို့ ဆိုပါတယ်။
Photo: Phone Thiri Kyaw
ဘုန်းသီရိကျော်ဟာ သူမရဲ့ Stay Home ကာလကိုလည်း အကျိုးရှိရှိ အသုံးချနေတယ်လို့လည်း ပြောပြလာပါသေးတယ်။ အနုပညာအလုပ်တွေအပြင် နောက်ထပ် ဝါသနာပါတဲ့ အလုပ်လေးတွေကို ဒီအချိန်မှာ လေ့လာ သင်ယူနေတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။
“ အရင်တုန်းက အလုပ်များနေတဲ့ အချိန်မှာ ကိုယ်လုပ်ချင်တာလေးတွေ မလုပ်ဖြစ်ခဲ့ဘူး။ အဲဒါလေးတွေကို အခုချိန်မှာ အချိန်အရမ်းပိုနေတော့ အကောင်အထည်ဖော်ဖြစ်တယ်။ ဂစ်တာတီးသင်တာတွေ၊ စာဖတ်တဲ့ အလေ့အထ အရမ်းရှိချင်တာဆိုတော့ စာဖတ်တဲ့ အကျင့်လေးတွေ လုပ်ဖြစ်တယ်။ ကိုရီးယားစာရေးတာလေးတွေ လေ့လာဖြစ်တယ်။ ဟင်းလည်းချက်တယ်။ အခုဆို Facebook မှာ ဟင်းချက်နည်းတွေ အများကြီးရှိတော့ ကိုယ်စားချင်တာလေးတွေနဲ့ အိမ်မှာရှိတာလေးတွေကို အမေနဲ့ အတူတူ ချက်စားဖြစ်တယ်” လို့ ဆိုပါတယ်။
Photo: Phone Thiri Kyaw
COVID ကာလမှာ စားသောက်ဆိုင်တော်တော်များများလည်း ပိတ်ထားရတာဖြစ်တဲ့အတွက် စားချင်တာတွေလည်း မစားရဘူးလို့ ဘုန်းသီရိကျော်က ပြောပါတယ်။
“ အခုချိန်မှာ ချုပ်တည်းထားရတာတွေက အရမ်းများတယ်။ စားချင်တာတွေလည်း မစားရဘူး၊ အပြင်ထွက်ရင်လည်း ဆိုင်တွေက ပိတ်ထားတယ်။ Jenny ထင်တယ် COVID-19 ကာလပြီးသွားရင် စားသောက်ဆိုင်တွေ အရမ်းအလုပ်ဖြစ်မှာ။ အခုချိန်မှာ အရမ်းချုပ်တည်းထားကြတာတွေ များတော့လေ။ Jenny ကိုယ်တိုင်လည်း COVID ပြီးသွားတာနဲ့ သူငယ်ချင်းတွေကို ခေါ်ပြီး စားချင်တာတွေ လျှောက်စားမယ်လို့ စိတ်ကူးထားတယ်” လို့ သူက ပြောပါတယ်။
Photo: K
ပရိသတ်အချစ်တော်မလေး ဘုန်းသီရိကျော်ကတော့ COVID-19 ကာလမှာ သူမရဲ့ သူငယ်ချင်းတွေကို အရမ်းလွမ်းနေပြီလို့ ဆိုပါတယ်။ ဒီ ကပ်ရောဂါအခြေအနေ ပြီးသွားရင် အပြေးသွားတွေ့ချင်တဲ့ ဆန္ဒ ရှိတယ်လို့ ပြောလာပါတယ်။
ဘုန်းသီရိကျော်ကိုတော့ ဒါရိုက်တာ Snow Miley ရိုက်ကူးပြီး ဇော်ပိုင်သီဆိုထားတဲ့ " ပြည့်စုံလွန်း" သီချင်း MTV လေးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ " Jenny" ဆိုတဲ့ နာမည်နဲ့လည်း ပရိသတ်တွေ သိကြပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ တီဗီကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးလာရသူပါ။ အခုဆိုရင်တော့ သရုပ်ဆောင်ဘက်ကို ခြေလှမ်း စတင်နေပါပြီ။ ဘုန်းသီရိကျော်ကတော့ အနုပညာအလုပ်တွေမှာလည်း ကြိုးစားနေသူဖြစ်သလို ပညာရေးဘက်မှာလည်း ထူးချွန်တဲ့ တက်သစ်စ အနုပညာရှင်လေးတစ်ယောက်ဖြစ်ပါတယ်။