ဖေဖေ နဲ့ မေမေ့ကို Surprise အကြီးကြီးလုပ်ချင်တယ်။
Sabal Thwin

ယွန်းယွန်းဟာ သူမရဲ့ အနုပညာကြေးနဲ့ မိဘနှစ်ပါးကို ပထမဆုံး ခရီးလိုက်ပို့ပေးခဲ့တဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။ မိဘတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်တယ်လို့လည်း သူကဆိုပါတယ်။ 

Photo: Yoon Yoon



ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင် တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ အနုပညာကြေးက ရတဲ့ပိုက်ဆံနဲ့ မိဘနှစ်ပါးကို ခရီးလိုက်ပို့ပေးရတာ အရမ်းပျော်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ညီမ ရှာထားတဲ့ ပိုက်ဆံနဲ့ ဖေဖေ မေမေ တို့ကို ခရီးလိုက်ပို့ဖူးတယ်။ ၂၀၁၇ တုန်းကပေါ့ ကိုယ့်ဘာသာကိုယ် လက်မှတ်တွေဖြတ်တယ်၊ ဟိုတယ်ခန်းတွေ ငှားတယ်။ Tour နဲ့ မဟုတ်ပဲ ဖေဖေ နဲ့ မေမေ့ကို ခရီးခေါ်သွားဖူးတယ်။ ပြီးရင်လည်း သူတို့ လိုချင်တာတွေ ဝယ်ပေးတယ်။ ငယ်ငယ်လေးနဲ့ ပိုက်ဆံရှာခွင့်ရခဲ့တဲ့ ကောင်းတဲ့အချက်ကတော့ လူကြီးမိဘတွေ၊ ဆရာသမားတွေ လိုအပ်တာ၊ လိုချင်တာရှိရင် ကိုယ့်ပိုက်ဆံလေးနဲ့ ဝယ်ပေးခွင့်ရတယ်” လို့ သူကပြောပါတယ်။  

Photo: K Phonn

သူမဟာ မိဘနှစ်ပါးအတွက် လိုအပ်တာတွေအများကြီးကို ဖြည့်ဆည်းပေးချင်သူ တစ်ယောက်ပါတဲ့။ တစ်ချိန်ချိန်မှာတော့ ရည်မှန်းချက်တွေ တကယ်ဖြစ်လာဖို့ ကြိုးစားမယ်လို့လည်း ယွန်းယွန်းက ဆိုပါတယ်။ 

“ ကိုယ်ရှာတဲ့ငွေက ကိုယ့်လက်ထဲမှာ မရှိတော့ မိဘတွေကို Surprise လုပ်လို့မရဘူး။ ညီမ မျှော်လင့်ထားတာကတော့ ကိုယ့်အသက် နည်းနည်းကြီးလာလို့ မေမေက ယုံကြည်ပြီးတော့ ပိုက်ဆံ အပ်လိုက်ပြီဆိုရင်တော့ သူတို့အတွက် Surprise တစ်ခုခုလုပ်ပေးချင်တယ်။ လက်ဝတ်ရတနာတွေဆိုရင် သူတို့က ရင်မခုန်ဘူးဆိုတော့ သူတို့ရင်ခုန်တာ တစ်ခုခု လုပ်ဖို့တော့ ကြိုးစားမှာပါ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Yoon Yoon

ယွန်းယွန်းက သူမရဲ့ သရုပ်ဆောင် ဝါသနာနဲ့ မိဘနှစ်ပါးကို ငယ်ငယ်ကတည်းက လုပ်ကျွေးပြုစုခဲ့သူတစ်ယောက်ပါ။ ကိုယ့်ပိုက်ဆံ ကိုယ်ရှာနိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပျက်စီးစေတဲ့အရာတွေ မလုပ်ဘူးလို့ ဆိုပါတယ်။ 

“ငယ်ငယ်လေးကတည်းက ပိုက်ဆံရှာနိုင်ခဲ့တဲ့သူဖြစ်ပေမယ့် ပိုက်ဆံကြောင့် မပျက်စီးခဲ့ဘူး။ ပိုက်ဆံလည်း မကိုင်ဘူး အနုပညာနဲ့ပတ်သက်ပြီး အလုပ်တွေ လက်ခံတယ်၊ ညီမရဲ့ အနုပညာကြေးကို မေမေက စီမံခန့်ခွဲပေးတယ်။ လိုအပ်တာရှိတော့မှ မေမေ့ကိုပြောတယ်။ မုန့်ဖိုးဆိုရင်လည်း ၅၀၀၀၊ ၁၀၀၀၀ ထက်ပိုမတောင်းဘူး။ ပိုက်ဆံကို အရမ်း မသုံးတာများပါတယ်” လို့ ဆိုပါတယ်။ 

Photo: HSU

ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားပေါင်း (၃၀၀) ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား (၃၀)ကျော် ရိုက်ကူးခဲ့ရတဲ့ နာမည်ကြီး ကလေး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာအသက် ၁၉ နှစ် ပြည့်သွားတဲ့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က