မျက်ကြည်လွှာအလှူပြုခဲ့တာဖြစ်ပါတယ်။

အိုင်ရင်းဇင်မာမြင့်ကတော့ အရင်ကတည်းက လှူဖို့ ရည်ရွယ်ထားဖူးတဲ့ မျက်ကြည်လွှာ အလှူလေးကို အောင်အောင်မြင်မြင် လှူဒါန်းခွင့်ရပြီလို့ ဆိုပါတယ်။ 

အဆိုတော် အိုင်ရင်းဇင်မာမြင့်ဟာ သြဂုတ်လ(၂၄) ရက်နေ့တုန်းက မျက်စိအထူးကုဆေးရုံကြီးမှာ မျက်ကြည်လွှာ လှူခဲ့တယ်လို့ ဆိုပါတယ်။ မျက်ကြည်လွှာ လှူဒါန်းရခြင်းရဲ့ သူမရဲ့ ဆန္ဒကိုလည်း မီဒီယာတွေကနေတဆင့် အခုလို ပြောပြလာပါတယ်။ 



“မျက်ကြည်လွှာ လှူချင်နေတာ တော်တော်ကြာပါပြီ။ တကယ် လှူခွင့်ရလိုက်တဲ့ အချိန်မှာ မျက်စိအလင်း လိုအပ်နေတဲ့ သူတွေအတွက် အထောက်အပံ့တစ်ခု ဖြစ်လာမယ်လို့ အိုင်ရင်း ထင်ပါတယ်။ ဒီအလှူကို မိသားစုကလည်း လက်ခံတယ်။ ဒါက ဖြစ်သင့်တယ်၊ လှူသင့်တယ် ဆိုပြီးတော့ အမေကလည်းပြောတယ်။ ပြီးတော့ အမေ့ရဲ့ သားသမီးတွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကိုယ်ကဒီကုသိုလ်လေးကို တွေးမိတယ်ဆိုပြီးတော့ ကိုယ့်အတွက် အမေက ဂုဏ်ယူနေတာပါ” လို့သူက ဆိုပါတယ်။ 

အိုင်ရင်းဇင်မာမြင့် အနေနဲ့ သူမဖြစ်ချင်ခဲ့တဲ့ မျက်ကြည်လွှာအလှူအတွက် ရင်ထဲကပီတိစကားကို ပြောလာခဲ့ပါသေးတယ်။ 

“ မျက်ကြည်လွှာ လှူတယ်ဆိုတာ စွန့်စားမှု တစ်ခုလို့တော့ အိုင်ရင်း မတွေးထားဘူး။ ဘာကြောင့်လဲဆိုတော့ လူကိုယ်တိုင်တောင် သေသွားတယ်ဆိုတဲ့ အရာမှာ မျက်ကြည်လွှာဆိုတဲ့ အရာက ပါးပါးလေးပေါ့နော်။ အရမ်းသေးငယ်တဲ့ အရာလေးတစ်ခုပါ။ ဘာပဲဖြစ်ဖြစ် အများအတွက် မျှဝေပြီးတော့ အလင်းကို ပေးနိုင်တယ်လို့ထင်တယ်။ အဲဒါကြောင့် အလှူလေးအတွက် အရမ်းကျေနပ်တယ်” ဆိုပြီးတော့ သြဂုတ်လ(၂၄) ရက်နေ့က မျက်စိအထူးကု ဆေးရုံကြီးမှာ ဖြေဆိုခဲ့တာပါ။ 

အိုင်ရင်းဇင်မာမြင့်ကိုတော့ ပရိသတ်တွေက ၂၀၀၈ခုနှစ် Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ ဂီတကို ရူးသွပ်လွန်းသူဖြစ်သလို သူမရဲ့ အသံ စူးစူးလေးကလည်း ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့သူဖြစ်ပါတယ်။ သူမဟာ Shwe FM က ချီးမြှင့်တဲ့ ဆု ၃ ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

သူမဟာ ၂၀၁၃ ခုနှစ်မှာတော့ ပထမဦးဆုံး တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ယိမ်းလိုက်’’ ဆိုတဲ့ တေးစီးရီးလေး ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၄ ခုနှစ်က ‘’ချစ်လို့’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထပ်မံ ထွက်ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ တတိယမြောက်အခွေဖြစ်တဲ့ အဆိုတော် ‘’နံရိုးပိုင်ရှင်’’ ဆိုတဲ့ အခွေလေး ထွက်ရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာ သူမရဲ့ စတုတ္ထမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’မာ’’ ဆိုတဲ့ တေးစီးရီးလည်း နောက်ဆုံး ထွက်ရှိထားတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က