ကားတွေ အိမ်တွေ ပေးသလိုပဲ သီချင်းအခွေတွေကိုလည်း အားပေးစေချင်တယ်။

ဖြူဖြူကျော်သိန်းဟာ ပရိသတ်တွေအနေနဲ့ အဆိုတော်တစ်ယောက်ကို အားပေးမယ်ဆိုရင် ထိရောက်တဲ့ အားပေးမှု တစ်ခု ဖြစ်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ 

ဖြူဖြူကျော်သိန်းကတော့ Myanmar idol (Season-4) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲမှာ အောင်မြင်မှုတွေရနေတဲ့ အဆိုတော်တွေအတွက် ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ အဆိုတော် တစ်ယောက်ခြင်းဆီတိုင်းကို အားပေးကြတဲ့ ပရိသတ်တွေအတွက်လည်း Duwun Media ကနေ စကားလက်ဆောင်ပါးခဲ့ပါတယ်။ 



“ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေကို စောင့်ရှောက်တာ၊ အားပေးတာ၊ ချီးမြှင့်တယ်ဆိုတာ ကောင်းသလို အနုပညာရှင်တွေအတွက် အရေးကြီးတဲ့ ဘဝရပ်တည်မှုကို ပိုပြီးအားပေးတာ ကောင်းတယ်လို့ ပြောပြချင်တယ်။ သူတို့ရဲ့ ကိုယ်ပိုင်သီချင်းတွေ၊ ကိုယ်ပိုင်အခွေတွေကို စီဒီအချပ်တွေနဲ့ တကယ့်အခွေကို လမ်းကြောင်းအမှန်နဲ့ ဝယ်ယူအားပေးခြင်းဟာ အထိရောက်ဆုံးဖြစ်မှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ကိုယ်ပိုင်သီချင်းလေးတွေ ထွက်လာရင် ကားတွေ၊ အိမ်တွေ ပေးသလိုပဲ အားပေးကြပါလို့ ဖြူဖြူ မှာချင်ပါတယ်” လို့ သူကဆိုပါတယ်။ 

ဖြူဖြူကျော်သိန်းဟာ Myanmar idol(Season-4) ရဲ့ အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက်လုံးမှာလည်း ဝါသနာရှင်တွေအပေါ် ကောင်းမွန်တဲ့ Comment အများအပြား ပေးခဲ့တဲ့ ဒိုင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ ဖြူဖြူကျော်သိန်း ကိုယ်တိုင်ကလည်း Myanmar idol (Season-4) ပြိုင်ပွဲ တစ်လျှောက် သူမဝတ်ဆင်တဲ့ ဖက်ရှင်တိုင်းကလည်း ပရိသတ်တွေကို စိတ်ဝင်စားစေခဲ့တဲ့ ထူးခြားမှု တစ်ခုပါပဲ။  

Photo: Phyu Phyu Kyaw Thein

လက်ရှိမှာတော့ ဖြူဖြူကျော်သိန်းဟာ Myanmar idol (Season-4) ရဲ့ Top-3 ပြိုင်ပွဲဝင် ဘန်ဂျမင်ဆန်နဲ့ သီချင်းတွေ အတူတူဆိုထားတာ တွေ့ရပါတယ်။ ကျန်တဲ့ အဆိုတော်တွေနဲ့တော့ မဆုံဖြစ်သေးဘူးလို့ သူက ပြောပါတယ်။ ဘန်ဂျမင်ဆန်ရဲ့ ကြိုးစားမှုတွေကိုလည်း ဖြူဖြူကျော်သိန်းက ချီးကျူးစကားဆိုခဲ့ပါတယ်။ 

“ အလုပ်ကိုတော့ သူ သေချာလုပ်ရှာပါတယ်။ အသံလည်းကောင်းတယ်လေ။ ကိုယ်ကတော့ ၂ ပွဲ၊ ၃ ပွဲလောက်ပဲ ဆုံဖြစ်သေးတယ်။ ပရိသတ်တွေကလည်း သူ့ကို ချစ်ခင်အားပေးကြတယ်။ အဓိက က အရည်အသွေးကို အကဲဖြတ်ရမယ့် အချိန်ကတော့ ကိုယ်ပိုင်သီချင်းလေးတွေ ထွက်လာရင် သူ ဘယ်လောက် လုပ်နိုင်သလဲ၊ ဘယ်လို ရွေးချယ် သီဆိုသလဲ။ ဘယ်လောက်အထိ ဆက်ပြီး အဓွန့်ရှည်မလဲဆိုတာ ဆက်ပြီးတော့ စောင့်ကြည့်ကြရမှာပါ” လို့ မတ်လ ၅ ရက်နေ့ ညက Myanmar’s Pride Award 2019 ပွဲကြီးကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Phyu Phyu Kyaw Thein

ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ သူမက ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကိုတော့ အတွင်းကြေ သီချင်းကနေ ပရိသတ်တွေ ပိုပြီး သတိထားအားပေးလာကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်လို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က