"ငါ၏ အမိန့်" ဇာတ်ကားအကြောင်း ပြောပြလာပါတယ်။

ထွန်းထွန်းကတော့ မကြာခင်ရုံတင်ပြသတော့မယ့် “ငါ၏အမိန့်” ရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာအတွက် အရမ်းရင်ခုန်နေတယ်လို့ ဆိုပါတယ်။ 

ထွန်းထွန်း ပါဝင်သရုပ်ဆောင်ထားတဲ့ ငါ၏အမိန့် ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင် ပရိသတ်အရှေ့ကို ရောက်လာတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားအပေါ် ထွန်းထွန်းက သူကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေရပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ငါ၏ အမိန့် ရုပ်ရှင်ဇာတ်ကားကြီးကလည်း နည်းနည်းလေး စိတ်လှုပ်ရှားဖို့လည်းကောင်းမယ်။ ကြောက်စရာကောင်းတာလေးတွေလည်း ပါမယ်ပေါ့။ ဒီဇာတ်ကားလေး အခု ရုံတင်ခွင့်ရလာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေလည်း ကျေနပ်ရတဲ့ ဇာတ်ကားလေးပါ။ မိုးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဇာတ်ကားလေးတွေထဲက တကယ်ကို ထူးခြားတဲ့ ဇာတ်ကားတစ်ကားပါ” လို့ သူကဆိုပါတယ်။ 

Photo: မိုးရုပ်ရှင်ထုတ်လုပ်ရေး 

“ငါ၏အမိန့်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မိုးရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ စတီးလ်( ဒွေးမေတ္တာ) က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ မတ်လ ၁၉ ရက်နေ့က စပြီး မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ငါ၏ အမိန့် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မြင့်မြတ်၊ ထွန်းထွန်း၊ နေမျိုးအောင် နဲ့ မိုးဟေကို တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ 

ငါ၏အမိန့် ရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာအပေါ် အရမ်းသဘောကျခဲ့ရတယ်လို့ ထွန်းထွန်းက ပြောပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်အကြောင်းကိုလည်း အခုလို မိတ်ဆက်ပြောပြလာပါတယ်။ 

“ ဒီဇာတ်ကားထဲမှာ ကျွန်တော့်ရဲ့ ဇာတ်ကောင်က အိမ်ထောင်ရှင် တစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ မိန်းမကိုလည်း ချစ်တယ်။ ဒါပေမယ့် မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့ အချိန်မှာ ရင်ဆိုင်ရတဲ့ ပုံစံလေးပေါ့။ ဇာတ်ကားပုံစံလေးက အသည်းတယားယားနဲ့ ကြည့်ရမယ့် ဇာတ်ကားပါ။ ဒါရိုက်တာ ဦးစတီးလ်ရဲ့ လက်ရာကို အားပေးစေချင်တယ်။ ကျွန်တော်ကတော့ သဘောကျတယ်” လို့ မတ်လ ၃ ရက်နေ့ ညက “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကားကြီး Cele Show ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: မိုးရုပ်ရှင်ထုတ်လုပ်ရေး 

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က