မိသားစုအတွက် အပြင်ထွက် အလုပ်လုပ်ရမှာပဲ။
Sabal Thwin

မွန်လေးကတော့ အနုပညာအလုပ်တွေ မလုပ်ရတဲ့ အချိန်မှာ သူငယ်ချင်းရဲ့ ဆောက်လုပ်ရေး လုပ်ငန်းမှာ အလုပ်ဝင်လုပ်နေရတယ်လို့ ဆိုလာပါတယ်။ 

Photo: KyawMomlay

လူကြမ်းသရုပ်ဆောင် မွန်လေးကတော့ COVID-19 ကာလမှာ အနုပညာအလုပ်တွေ မလုပ်ရတဲ့အတွက် သူငယ်ချင်းရဲ့ အကူအညီနဲ့ ရထားတဲ့ အလုပ်လေး လုပ်နေတယ်လို့ဆိုပါတယ်။ မိသားစု စားဝတ်နေရေးအတွက် မဖြစ်မနေ စီးပွားရှာရမှာပဲလို့လည်း Duwun Media ကို ပြောပါတယ်။ 

“ အခု ကျွန်တော့် သူငယ်ချင်း ကန်ထရိုက်ယူထားတဲ့နေရာမှာ ကျွန်တော့်ကို အလုပ်သမားခေါင်းဆိုပြီးတော့ ထားထားတယ်။ ကိုယ့်ဝမ်းစာအကြောင်း ကိုယ်ပဲ သိတယ်။ COVID-19 ဖြစ်နေတဲ့ အချိန်မှာ မိသားစု တစ်စုလုံးကိုတော့ အသေမခံနိုင်ဘူး။ ကျွန်တော်ကတော့ သေရင် သေသွားပါစေ။ ကျွန်တော့် မိသားစု စားဝတ်နေရေးအတွက် အပြင်ထွက်ရှာရမှာပဲ" ဆိုပြီးတော့ မေလ ၂၂ ရက်နေ့က ရုပ်ရှင်အစည်းအရုံး အလှူကို လာရင်း ဖြေဆိုခဲ့တာပါ။ 

Photo: KyawMomlay

မွန်လေးဟာ မိသားစုအတွက် အပြင်အလုပ်ထွက်လုပ်နေရတာဖြစ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာတယ်လို့လည်း သူကဆိုပါတယ်။ 

“ ကျန်းမာရေး စိတ်ချရအောင် နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း အလုပ်သွားရင် Mask တပ်တယ်။ လက်ဆေးတယ်။ ည ၁၀ နာရီကျော်ရင်လည်း အပြင်မထွက်ဘူး အိမ်မှာပဲနေတယ်။ လုပ်ငန်းခွင်ထဲရောက်ရင်လည်း အလုပ်သမားတွေကို အဝေးကနေပဲ လိုအပ်တာတွေ လုပ်ခိုင်းတယ်။ အခုလိုအချိန်မျိုးမှာ ကျွန်တော့်ကို အလုပ်ခိုင်းတဲ့ သူတွေကိုလည်း တကယ် ကျေးဇူးတင်ပါတယ်။ ဇာတ်ပို့ ဇာတ်ရံတွေအတွက် အလှူလုပ်ပေးကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: KyawMomlay

မွန်လေး ကိုတော့ ဗီဒီယို ဇာတ်ကားတွေတိုင်းမှာ လူကြမ်းသရုပ်ဆောင်အဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ ဇနီးရယ်၊ သမီးရယ်၊ သားရယ် ပျော်စရာကောင်းတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ COVID-19 ကာလ မိသားစု စားဝတ်နေရေး အခက်အခဲ ဖြစ်နေချိန်မှာ ဇာတ်ပို့သရုပ်ဆောင်တွေ အတွက် စားနပ်ရိက္ခာတွေ လှူဒါန်းပေးကြတဲ့ အလှူရှင်တွေကို ကျေးဇူးတင်စကား ပြောခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က