အိမ်တိုင်း အိမ်တိုင်း ဆေးသတ္တာလေးတွေ ဆောင်စေချင်တယ်လို့ ဆိုပါတယ်။

ခင်လှိုင်ကတော့ COVID-19 ကြောင့် ကာကွယ်ရေးတွေ လုပ်နေရတဲ့ အချိန်မှာ ကျန်းမာရေးဗဟုသုတတွေ အားနည်းနေလို့ မရတော့တဲ့အကြောင်းပြောပြလာပါတယ်။ 

Photo:Khin Hlaing 



သရုပ်ဆောင် ခင်လှိုင်ကတော့ COVID-19 နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိတာထက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတ ရစေဖို့ လေ့လာစေချင်တယ်လို့ ဆိုပါတယ်။ အခု အခြေအနေမှာ စားနပ်ရိက္ခာတွေ စုဆောင်းသလို ဆေးပစ္စည်းတွေလည်း စုဆောင်းစေချင်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော်တို့ဆီမှာ ကျန်းမာရေး ဗဟုသုတ တအားနည်းတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း တကယ် အားနည်းပါတယ်။ နိုင်ငံတကာမှာဆိုရင် အိမ်တိုင်း အိမ်တိုင်း ဆေး Box လေးတွေရှိကြတယ်။ ကိုယ်တွေမှာ ဘာမီတွန်တောင် အိမ်တိုင်းမရှိဘူး။ မဖြစ်ခင် ကြိုပြီးတော့ တော်တော်လေး သတိထားနိုင်မှဖြစ်မယ်။ ဆင်ခြေဖုံး ရပ်ကွက်တွေမှာဆိုရင် အိမ်သာက အစ အများသုံး အိမ်သာအနေနဲ့ စု သုံးနေကြတာတွေရှိသေးတယ်။ အဲဒီအရာတွေက ပိုဆိုးတယ်” ဆိုပြီးတော့ မတ်လ ၂၃ ရက်နေ့က ဆန်၊ ဆီ အလှူပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအတွင်းမှာတော့ COVID-19 ကူးစက်ခံရသူ (၈) ဦး တွေ့ရှိထားပြီးဖြစ်တယ်လို့ သတင်းေ တွအရ သိရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ ၊ စာနယ်ဇင်း မိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။  

Photo:Khin Hlaing 

COVID-19 ကြောင့် အလုပ်တွေ ရပ်နားလို့ မရတဲ့ လူတန်းစားတွေလည်း ရှိနေသေးတယ်လို့ ခင်လှိုင်က ပြောပါတယ်။ လက်ရှိအခြေအနေကတော့ သူတို့တွေအတွက် အခက်အခဲ ကြုံနေရမှာလို့ သူကဆိုပါတယ်။ 

“ ကျွန်တော်တို့ တိုင်းပြည်မှာ လက်လုပ်လက်စား သမားက များတယ်။ အခုလိုမျိုးတွေဖြစ်လို့ အလုပ်မလုပ်လို့ကလည်း မရတဲ့ အခြေအနေမှာ လုပ်နေရတဲ့သူတွေလည်း ရှိတယ်။ ဒါတွေကို ရှောင်လွှဲလို့လည်း မရဘူး ပြီးတော့ တချို့အရာတွေမှာ ကြောက်နေလို့ဆိုပြီး အိမ်မှာ စောင်ခြုံနေလို့ကလည်း မရဘူးလေ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

ခင်လှိုင်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ သူဟာ မတ်လ ၂၃ ရက်နေ့တုန်းကလည်း ဇာတ်ပို့ ဇာတ်ရံတွေနဲ့ ပရိသတ် ၁၄၀၀ ကျော်အတွက် ဆန်၊ ဆီ တွေ မျှဝေ လှူဒါန်းခဲ့ပါသေးတယ်။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။သူ့ရဲ့ အနုပညာအမွေကိုတော့ သားဖြစ်သူ နေရဲ နဲ့ သမီးငယ်လေး သဇင်ထူးမြင့် က ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း နေရဲ နဲ့ သရုပ်ဆောင် သဇင်ထူးမြင့်တို့ဟာ အနုပညာအလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေရပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က