စကားတွေတော့ အများကြီး မပြောနိုင်သေးဘူး။
Sabal Thwin

ဗေလုဝရဲ့ ကျန်းမာရေးအမြန်ဆုံး ပြန်ကောင်းလာနိုင်ဖို့ သေသေချာချာ ပြုစုပေးနေရတယ်လို့ ဇနီးဖြစ်သူ ဒေါ်စုစုနိုင်က အခုလို ပြောပြလာပါတယ်။ 

သရုပ်ဆောင် ဗေလုဝကတော့ လက်ရှိမှာ ကျန်းမာရေးမကောင်းတာကြောင့် အနုပညာအလုပ်တွေ နားထားရတာဖြစ်ပါတယ်။ အခုချိန်မှာ စကားမပြောနိုင်သေးပေမယ့် ကျန်းမာရေး အခြေအနေ တိုးတက်လာတယ်လို့ သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်စုစုနိုင်က Duwun ကို ပြောပါတယ်။ 

" ဦးဗေရဲ့ ကျန်းမာရေးကတော့ တော်တော်တိုးတက်လာပြီ။ လမ်းလည်း တော်တော် လျှောက်နိုင်လာပြီ။ လက်လေးတစ်ဖက် လေ့ကျင့်ခန်းလုပ်ဖို့ပဲ ရှိတော့တာပါ။ စကားကတော့ များများစားစား သိပ်မပြောနိုင်ဘူး။ သူလိုချင်တဲ့ အရာလေးတွေလောက်ပဲ ပြောတယ်။ သူ့ကို ကလေးတစ်ယောက်လိုပဲ အရိပ်တကြည့်ကြည့်နဲ့ ပြုစုပေးနေရတာပေါ့။ အခုချိန်မှာ သူကျန်းမာရေးမကောင်းလို့ အလုပ်တွေမလုပ်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ်က နားလည်တယ်” လို့ သူကဆိုပါတယ်။ 

Photo: Bay Lu Wa

ဗေလုဝနဲ့ ဇနီးဖြစ်သူ ဒေါ်စုစုနိုင်တို့မှာတော့ သားနှစ်ယောက်ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။ ဗေလုဝအနေနဲ့ ကျန်းမာရေးအခြေအနေကောင်းခဲ့စဉ်က မိသားစုအတွက် အရမ်းတော်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့ ဒေါ်စုစုနိုင်က ပြောပါတယ်။ 

“ သူက အရမ်းတော်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးကောင်းတုန်းကဆိုရင် နေ့ဘက်ဆို ကားရိုက်၊ ညဘက်ဆို ပွဲက ဆက်တိုက်ကို မနားဘူး။ ပြီးတော့ သူ ဟောပြောပွဲတွေ သွားတာလည်း နေ့ရော၊ ညရော မနားရဘူး။ အလုပ်တွေ ရရင်ရသလို သူ လက်ခံပြီး အလုပ်တွေ လုပ်ခဲ့တာပဲ။အခုတောင်မှ ကျန်းမာရေး ပြန်ကောင်းရင် အလုပ်တွေ ပြန်လုပ်မယ် ဆိုတာချည်းပဲ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Bay Lu Wa

ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီး ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ဆေးကုသမှု ခံယူနေစဉ်မှာလည်း ဆုံးပါးသွားပြီဆိုတဲ့ သတင်းအမှားတွေ ထွက်ရှိခဲ့တာကြောင့် ပရိသတ်တွေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ သူဟာ နေအိမ်မှာပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေ ခံယူနေရသူပါ။ "ဘီလူး" ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတဲ့ သရုပ်ဆောင် ဗေလုဝဟာ အခုဆိုရင် အနုပညာသက်တမ်းနှစ်(၂၀) ကျော်လာပြီဖြစ်ပါတယ်။ သူဟာ "ဤအရာကို အချစ်လို့ခေါ်သလား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က