အခုဆိုရင် လေဖြတ်တာ ၅ နှစ်တောင်ရှိပါပြီတဲ့။

ဒေါ်မြတ်မွန်ကတော့ ၅ နှစ်အကြာ ကျန်းမာရေး မကောင်းဖြစ်နေတဲ့အချိန် သူမရင်ထဲကခံစားချက်ကို အခုလို ပြောပြလာပါတယ်။ 

Photo: Khant Kyaw



ဝါရင့်သရုပ်ဆောင် အမေဒေါ်မြတ်မွန်ဟာ အခုဆိုရင် ကျန်းမာရေးမကောင်းတာ (၅) နှစ်ရှိပြီလို့ ဆိုပါတယ်။ သမက်တော်စပ်သူ ဆရာဝန် နဲ့ သမီးကြီးတို့က သေသေချာချာ ပြုစုပေးနေတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ အမေ လေဖြတ်တာ ၅ နှစ်တောင်ရှိပြီ။ အခုချိန်ထိ ဆေးက ဝယ်သောက်နေရတုန်း။ ဆေးဖိုးနဲ့တင် တစ်လကို တစ်သိန်း နီးနီးလောက် ကုန်တယ်။ အခု မာမာမွန်ဆိုတဲ့ အမေ့သမီးက အမေ့ကို တာဝန်ယူနေတယ်။ အလှူငွေရတဲ့ ပိုက်ဆံကိုလည်း သူ့ကိုပဲ အပ်တယ်။ သူကလည်း အမေ့ကို ဆေးတွေ ဘာတွေ ဝယ်ပေးတယ်။ မာမာမွန်ရဲ့ ခင်ပွန်းက ဆရာဝန်ဆိုတော့ အမေ့ကို အားဆေးလေး ထိုးထိုးပေးတယ်။ အဲဒါကြောင့် အခုလို မတ်တပ်လေး ရပ်နိုင်တာ။ တွဲပေးမယ့်သူ မရှိရင် ကိုယ့်ဘာသာကိုယ်တောင် လမ်းမလျှောက်နိုင်ဘူး။ မကျန်းမာတော့လည်း ဘာမှ မလုပ်နိုင်တော့ဘူး။ ကိုယ်နဲ့ အတူတူ သူငယ်ချင်းတွေက ကျန်းကျန်းမာမာနဲ့ သွားနိုင်လာနိုင်တာကို အားကျတယ်။ အမေ့လို မကျန်း မမာ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်” ဆိုပြီးတော့ ဇွန်လ ၂၉ ရက်နေ့က ရုပ်ရှင်သက်ကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Khant Kyaw

ဒေါ်မြတ်မွန်ဟာ အဖြူအမဲ ရုပ်ရှင်ခေတ်တုန်းက သူမဟာ တကယ်ကို ချောမောတဲ့ မင်းသမီး ဖြစ်ခဲ့သလို လက်ရှိ အောင်မြင်နေတဲ့ မင်းသမီး၊ မင်းသားတွေကလည်း အရမ်းချောကြောင်း၊ လှကြောင်း ပြောပြခဲ့ပါသေးတယ်။ 

“ အမေက ငယ်ငယ်တုန်းကဆို သိပ်ချောတာ။ အမေကလည်း အမေ့ရုပ်နဲ့ အမေ ချောတာပေါ့။ တခြားမင်းသမီးတွေကလည်း သူတို့ ရုပ်နဲ့ သူတို့ချောပါတယ်။ အခုခေတ် မင်းသမီးတွေလည်း တချို့က အရမ်းချောပါတယ်။ အခုဆို စိုးမြတ်သူဇာ၊ ဇေရဲထက်၊ ရွှေမှုံရတီ၊ ဝတ်မှုံရွှေရည်တို့ဆို တော်တော် ချောပါတယ်။ သူတို့လေးတွေလည်း သူတို့ရုပ်နဲ့ သူတို့ ချောကြသလို အမေ့တုန်းကလည်း အမေ့ရုပ်နဲ့ ချောတယ်လို့ ပြောချင်တာပေါ့နော်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Khant Kyaw

အမေ ဒေါ်မြတ်မွန်ဟာ ၁၉၅၉ ခုနှစ်က ''ကကြီးရေက''ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဒါရိုက်တာ ဦးသာဓု နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ သူမဟာ ရုပ်ရှင်ဇာတ်ကားပေါင်း များစွာ ရိုက်ကူးခဲ့ဖူးသူ တစ်ယောက်ပါ။ ၂၀၁၉ ခုနှစ်တုန်းကတော့ အမေ ဒေါ်မြတ်မွန်က သရုပ်ဆောင် လူမင်း၊ ဇေရဲထက်၊ ရွှေမှုံရတီ တို့နဲ့ အတူ " နို့ဘီလူး" ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခဲ့ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က