ခဏခဏ ခါးနာတယ်။

သြရသ ကတော့ ဂီတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ချင်ပေမယ့် ကျန်းမာရေးကို ပိုဂရုစိုက်နေရတဲ့အကြောင်းပြောပြလာပါတယ်။ 

Photo: Awra Tha



အဆိုတော် သြရသကတော့ သူ့ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ တစိုက်မတ်မတ် မလုပ်နိုင်သေးဘူးလို့ ပြောပါတယ်။ ဒါကြောင့် အလုပ်တွေ လုပ်ရင်း ဘုရား၊ တရားလည်း မှန်မှန်လုပ်ဖြစ်အောင် ကြိုးစားနေတယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။ ကျန်းမာရေးကြောင့် သီချင်းအသစ်တွေ သိပ်မလုပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

“ ကျွန်တော် ကျန်းမာရေး မကောင်းတာတွေ ကြုံခဲ့ရပါတယ်။ ခါး နာတာပါ။ အဓိက ကတော့ စိတ်ပေါ့။ အလုပ်ထဲကို စိတ်ရောက်တဲ့အချိန်တွေက များတယ်။ အာရုံကြောလည်း နည်းနည်း အားနည်းတယ်။ ဘုရားတရား ပိုလုပ်ဖြစ်တာများတယ်။ ဘယ်အရာမဆို အများကြီး ကြိုးစားရတာပါ။ ကျွန်တော်လည်း ကိုယ် စိတ်ညစ်လာပြီ ဆိုရင်တော့ မဟာသမယသုတ် နဲ့ ပဌာန်းကို များများရွတ်တယ်။ ဒါကြောင့်လည်း အခက်အခဲတွေ ပြေပျောက်ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။ 

Photo: Awra Tha

သြရသ ဟာ သူချစ်တဲ့ သီချင်းတွေဖန်တီးဖို့ စီးပွားရေးကိုလည်း လုပ်နေရတဲ့အကြောင်းပြောလာပါတယ်။ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားတဲ့အချိန်မှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က Amazing Mart ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ အနုပညာအလုပ်ကလည်း အရင်ကတည်းက ဝါသနာပါခဲ့တာပါ။ ဒါပေမယ့် ဒီအလုပ်လုပ်ရင် အခွေလည်း ထွက်ရမယ်လေ ဒါကြောင့် တစ်ဖက်မှာ စီးပွားရေးလည်း ရှာရတာပေါ့။ အလုပ်က နှစ်ဆ လုပ်ရတာပါ။ အခုချိန်မှာ အိပ်ချိန်လျှော့ အလုပ်အကြောင်းတွေးရတယ်ဆိုတော့ ပိုပြီးတော့ ပင်ပန်းတာပေါ့။ အခက်အခဲတွေကလည်း စိတ်ဓာတ်ကျစရာ၊ စိတ်ညစ်စရာတွေ ဖြစ်သွားတယ်။ ဒါတွေကို နောက်တစ် နေ့ကျတော့ ရယ်စရာအနေနဲ့ပဲတွေးလိုက်တယ်။ အနုပညာသမားတစ်ယောက်အတွက် ရည်မှန်းချက် ကြီးကြီးထားပေမယ့် ရင်လောက်တင်မှ ဒူးလောက်ကျတာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Awra Tha

သြရသ ရဲ့ ဂီတသက်တမ်းကတော့ အခုဆိုရင် ၁၂ နှစ်ရှိပြီဖြစ်ပါတယ်။သူ့ကိုတော့ အေသင်ချိုဆွေနဲ့အတူ “ပေါက်တဲ့အိုး” ဆိုတဲ့ သီချင်းလေးကနေ ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ သူဟာတေးရေးဆရာ တစ်ဦးလည်းဖြစ်တာကြောင့် သူရေးပေးလိုက်တဲ့ သီချင်းတွေနဲ့ အောင်မြင်လာခဲ့တဲ့ အနုပညာရှင်တွေလည်း အများကြီးပါ။ လက်ရှိမှာတော့ သူ့ရဲ့ ဂီတလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ သီချင်းဟောင်းလေးတွေကို အားပေးနေတဲ့ ပရိသတ်တွေလည်း အများကြီးရှိပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က