ရုတ်တရက် လေဖြတ်သွားတယ်လို့ သိရပါတယ်။
Sabal Thwin

ဟာသသရုပ်ဆောင် မွန်ကြီးကတော့ ရုတ်တရက်လေဖြတ်သွားတဲ့အတွက် နေအိမ်မှာပဲ ဆေးကုသမှု ခံယူနေရတဲ့အကြောင်း ဇနီးဖြစ်သူ ဒေါ်မိုးသီတာက ပြောပြလာပါတယ်။ 

ဟာသသရုပ်ဆောင် လူရွှင်တော် မွန်ကြီး(ခ) မင်းလှိုင်ကတော့ မတ်လ ၂၉ ရက်နေ့မှာ ရုတ်တရက် လေဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကို ဇနီးဖြစ်သူ ဒေါ်မိုးသီတာက Duwun Media ကနေ ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ရာ အခုလို ပြောပြလာပါတယ်။ 

“လေဖြတ်သွားတာကလည်း ၂၉ ရက်နေ့ နေ့လယ်လောက်တုန်းက စဖြစ်တာပေါ့။ ရုတ်တရက် သူ ကြောက်စိတ်တွေ ဝင်လာပြီး ပါးတွေရွဲ့သွားတယ်၊ ခြေထောက်တွေ ဆွဲသွားတယ်၊ လျှာပါ လိပ်သွားတယ်။ အဲဒီမှာ ရန်ကုန်ဆေးရုံကြီးဆီသွားပြီး အရေးပေါ်တင်လိုက်ရတယ်။ ဆရာဝန်တွေကလည်း ဆေးတွေ စစ်ပေး၊ တိုက်ရမယ့် ဆေးတွေပြောပြပြီးတော့ အဆုတ်တွေ၊ ဓာတ်မှန်တွေရိုက်ပေးတယ်။ သူတို့ဆီမှာ ဆေးရုံတင်ဖို့ကလည်း COVID-19 ရောဂါ ကူးမှာစိုးလို့ အိမ်မှာပဲ ကုသပါဆိုပြီးတော့ပြောလို့ လက်ရှိ အိမ်မှာပဲ ဆေးကုပေးနေပါတယ်။ အခုတော့ ဆေးသေချာတိုက်ပြီး ကုနေတော့ နည်းနည်း သက်သာလာပါပြီ” လို့ သူကဆိုပါတယ်။ 

လူရွှင်တော် မွန်ကြီးဟာ မတ်လ ၂၈ ရက်နေ့တုန်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက လှူဒါန်းတဲ့ ဆန်၊ ဆီ ဝေငှတဲ့ဆီကို ရောက်လာခဲ့ပါသေးတယ်။ သူ့ရဲ့ ကျန်းမာရေးအရ လမ်းလျှောက် လေ့ကျင့်ခန်းတွေ လုပ်နေတယ်လို့လည်း Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသေးတယ်။ သူ့ရဲ့ ကျန်းမာရေးကြောင့်လည်း အနုပညာအလုပ်တွေ ရပ်နားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Photo: Shin Min Thu

ကိုမွန်ကြီးဟာ ကျန်းမာရေး မကြာခဏ ချို့တဲ့လေ့ရှိတယ်လို့ သိရပါတယ်။ အခု တစ်ချိန်လေဖြတ်တာဟာ တတိယအကြိမ်မြောက် အကြိမ်ဖြစ်နေပြီး စောင့်ကြည့်နေရတယ်လို့ ဒေါ်မိုးသီတာက ဆက်လက် ပြောပြလာပါတယ်။ 

“ အခုဖြစ်တာကလည်း တတိယအကြိမ်လောက်ဖြစ်နေပါပြီ။ မနှစ်က မေလတုန်းကတော့ ကျန်းမာရေးအကြီးကြီးဖြစ်တာပေါ့။ လွန်ခဲ့တဲ့ ၃ လ၊ ၄လ လောက်တုန်းက လေဖြတ်တာတော့ တော်တော်လေး ပြန်ကောင်းလာပြီ။ စကားတွေပြော၊ လမ်းတွေ လျှောက်နိုင်လာတော့ ဝမ်းသာတာပေါ့။ အခုကျတော့ ရုတ်တရက် ထဖြစ်တယ်။ သူက စိတ်လည်း မရှည်ချင်ဘူး။ အခြေအနေလေးတော့ စောင့်ကြည့်နေရတယ်။ ရန်ကုန်ဆေးရုံကြီးကလည်း လူနာ ပေးမတင်တော့ဘူးဆိုတော့ ကောင်းပါတယ်” လို့ ဆိုပါတယ်။ 

Photo: Shin Min Thu

ကိုမွန်ကြီးဟာ ၂၀၁၉ ခုနှစ်ကုန်ပိုင်းလောက်က ဦးနှောက်သွေးကြောပေါက်လို့ အရေးပေါ် ဆေးရုံတက်ခဲ့ရပါသေးတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေအရ ဇာတ်ကားတွေ သိပ်မရိုက်နိုင်ခဲ့ပါဘူး။ ကိုမွန်ကြီးရဲ့ နာမည်အရင်းကတော့ မင်းလှိုင် ဖြစ်ပါတယ်။ သူ့ကိုတော့ ဗီဒီယို ဇာတ်ကားတွေထဲမှာ ကားဒါရိုက်ဘာ၊ သူဌေးတပည့်၊ အဓိက ဇာတ်ဆောင် မင်းသား၊ မင်းသမီး တွေရဲ့ အစ်ကို၊ ညီ၊ မောင်လေး၊ ဦးလေး စတဲ့ ကာရိုက်တာတွေနဲ့ ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့လည်း နယ်ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က