အဖေဆရာ၊ အဘိုးဆရာ ဆိုလည်း မမှားဘူး။

ကောင်းကျော်ကတော့ လူရွှင်တော်အလုပ်နဲ့ ပတ်သက်လာရင် ဆရာ တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ လူရွှင်တော်ကြီး မန်းဝင်း ကို မဆုံးရှုံးချင်သေးဘူးလို့ ဆိုပါတယ်။ 

Photo: Kaung Kyaw



ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်းအတွက် လူရွှင်တော် ကောင်းကျော်ကတော့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဦးမန်းဝင်းကလည်း သူ့အတွက် ဆရာတစ်ယောက်ပါပဲလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ ဦးမန်းဝင်းတို့နဲ့ တစ်တန်းတည်းဖြစ်တဲ့ ဦးတို့ရဲ့ အဖေဆရာ၊ အဘိုးဆရာတွေကို ဒီအချိန်မှာ ဘယ်သူ့ကိုမှ မတိမ်းပါးစေချင်သေးဘူး။ သူတို့တွေက ကိုယ်တွေအတွက်တော့ ရွှေတွင်းကြီးလိုပါပဲ။ သိချင်တာတွေ၊ တတ်ချင်တာတွေ မေးလို့၊ မြန်းလို့ရတယ်။ သူတို့ဆီက ပညာတွေလည်း ယူလို့ မကုန်သေးတဲ့အတွက် ဒီလို ပုဂ္ဂိုလ်မျိုးကြီးတွေကို အထိခိုက်မခံချင်သေးဘူး။ ဦးမန်းဝင်း ကျန်းမာရေး ပြန်ကောင်းလာတဲ့အတွက်လည်း အရမ်းဝမ်းသာနေရတယ်” လို့ ဆိုပါတယ်။ 

Photo: Kaung Kyaw

ကောင်းကျော်ဟာ ဒီနေ့ ဇွန်လ(၂၅) ရက်နေ့ က ဦးမန်းဝင်းရဲ့ ကျန်းမာရေးအခြေအနေကို သတင်းသွားမေးခဲ့ပါသေးတယ်တဲ့။ ဦးမန်းဝင်း ဆေးရုံတက်နေရတဲ့ အချိန်မှာလည်း လူရွှင်တော် အသင်းက ကျန်းမာရေး ထောက်ပံ့ငွေ ကူညီခဲ့တယ်လို့ သူက ပြောပါတယ်။  

“ ဦးမန်းဝင်းရဲ့ ကျန်းမာရေးကိုသိချင်လို့ဆိုပြီးတော့ သူ့အိမ်ကို သတင်းသွားမေးတယ်။ အိမ်ရောက်တော့ မျက်စိဖွင့်ကြည့်တယ် ကျွန်တော့်ကို မှတ်မိလားဆိုတော့ သိတယ်တဲ့ ကောင်းကျော် ဆိုပြီးတော့ ပြောတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က သူ ဆေးရုံတက်ရတဲ့ အချိန်မှာ ဦးတို့ လူရွှင်တော်အသင်းက တစ်သိန်း လှူဒါန်းခဲ့တယ်။ ပထမတုန်းက သူ့ကိုလက်လွှတ်လိုက်ရပြီတောင် ထင်ထားတာ။ သူက လည်ချောင်းကလည်း ဖောက်ထားရသေးတာ ဆိုတော့ စကားကို သိပ်မပြောဖြစ်ဘူး။ အရင်တုန်းကထက်စာရင်တော့ ကျန်းမာရေး တိုးတက်လာတာပေါ့နော်” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Kaung Kyaw

ကောင်းကျော်ကိုတော့ လူရွှင်တော် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်ခဲ့သူပါ။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း(၂၀)ခန့်ရှိပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း သဘင်အစည်းအရုံးရဲ့ ပြန်ကြားရေး တာဝန်ယူထားရတယ်လို့လည်း သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က