စီနီယာတွေရဲ့ ဆုံးမစကားကိုလည်း နားထောင်တယ်။

ယွန်းယွန်းကတော့ သူမရဲ့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး အောင်မြင်တယ်လို့ မတွေးဘူးလို့ဆိုပါတယ်။ ဒီနေ့ အချိန်အထိလည်း စီနီယာအနုပညာရှင်တွေရဲ့ ဆုံးမစကားတွေကို နားထောင်တယ်လို့ သူကပြောပါတယ်။

သရုပ်ဆောင်ယွန်းယွန်း ကတော့ ကလေးလေး ဘဝကနေ ဒီနေ့အချိန်အထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ဒီနေ့အချိန်ထိ အောင်မြင်နေတယ်လို့ မတွေးတဲ့အကြောင်း Duwun Media ကနေပြောပြခဲ့ပါတယ်။



‘’ကိုယ့်ကိုယ်ကိုယ် အောင်မြင်နေတယ်လို့လည်း တစ်ခါမှ မတွေးထားဘူး။ ပရိသတ်တွေက ချစ်ကြတယ်။ ကလေးလေးဆိုပြီးတော့လည်း အားပေးကြတယ်။ အောင်မြင်မှုဒဏ်ကို ကြီးကြီးမားမား မခံဖူးဘူး။ သူတို့အရမ်းချစ်လို့ ညီမကို အသဲယားပြီး ဆံပင်တွေလာဆွဲတာတို့၊ လာညှစ်တာတို့ဆိုရင် ညီမမှာ နည်းနည်း ခံရခက်တာပေါ့နော်။ ကိုယ့်ကိုယ်ကိုယ်လည်း အခုထိ အောင်မြင်တယ်လို့ မတွေးထားဘူး’’ လို့ သူကဆိုပါတယ်။

ကလေးသရုပ်ဆောင် ယွန်းယွန်း ဆိုတဲ့ဘဝကတည်းက အနုပညာအလုပ်တွေ တစိုက်မတ်မတ်လုပ်လာတဲ့ သူဖြစ်လို့ အနုပညာရှင်များစွာတို့ရဲ့ အချစ်လည်း ခံခဲ့ရတဲ့သူဖြစ်ပါတယ်။

‘’ အနုပညာရှင်တော်တော်များများကတော့ ညီမနဲ့ အလုပ်တွဲလုပ်တုန်းက ကလေးလေးပဲပေါ့နော်။ ကလေးဆိုတော့လည်း ဖြူစင်ကြတယ်။ အဲဒီတော့ ညီမကို ချစ်တဲ့သူတွေက များတယ်။ အခုလို အရွယ်ကြီးမှ တွေ့ရမယ်ဆိုရင်တော့ ချစ်ချင်မှ ချစ်ကြမှာပေါ့နော်။ ဒါပေမယ့် ကလေးသေးသေးလေးတုန်းကတည်းက ချစ်ကြတဲ့ လူတွေရှိတော့ ညီမ ကံကောင်းတာပေါ့နော်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၄ ရက်နေ့က Shwe FM ဂီတဆုပေးပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာဖြစ်ပါတယ်။

ယွန်းယွန်းကိုလည်း စီနီယာအနုပညာရှင်မောင်နှမ တော်တော်များများက အခုချိန်ထိ ချစ်ခင်ကြတယ်လို့ဆိုပါတယ်။ မကြာခဏဆိုသလိုလည်း ဆုံရင် ဆုံသလို ဆုံးမစကားတွေ ပြောကြတယ်လို့ သူကပြောပါတယ်။

‘’ ငယ်ငယ်လေးကတည်းက တွေ့ပြီးတော့ အတူတူရိုက်ခဲ့ကြတဲ့ သရုပ်ဆောင်တွေက အခုချိန်မှာ ညီမ ဒီလို အရွယ်ကြီး ကြီးပြီးတော့ ပုံစံပြောင်းလာပေမယ့် သူတို့ စိတ်ထဲမှာတော့ ယွန်းယွန်းပဲ ကလေးလေးပဲ တွေးကြတယ်။ တွေ့တိုင်းလည်း ဆုံးမတယ်၊ မအူဝဲဆိုရင်လည်း ညီမကို အပျိုကြီး အပျိုကြီးနဲ့ ရည်းစားမထားနဲ့နော် ငယ်သေးတယ် ဆိုတာမျိုးတွေလည်း ပြောတယ်။ ကလေးလို ချစ်လို့ ပြောတဲ့ ပုံစံပါပဲ’’ လို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။

ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားပေါင်း (၃၀၀) ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား (၃၀)ကျော် ရိုက်ကူးခဲ့ရတဲ့ နာမည်ကြီး ကလေး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှာအသက် ၁၉ နှစ် ပြည့်သွားတဲ့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က