သူမ ခံယူထားတဲ့ အချစ်ရေးအကြောင်းတွေ ပြောပြလာပါတယ်။
Sabal Thwin

မိစန္ဒီ တစ်ယောက် အချစ်ကို ရှာဖွေနေမယ့်အစား ဝါသနာပါတဲ့အလုပ်ကို လုပ်နေရတာ ပိုပျော်နေပြီလို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း တစ်ယောက်တည်းနေရတာကို ကျေနပ်နေပါပြီတဲ့။

Photo: Mi Sandi

အဆိုတော် မိစန္ဒီကတော့ အသက်ကြီးလာတာနဲ့အမျှ အချစ်ဆိုတဲ့အရာအပေါ် ရင့်ကျက်လာပြီဖြစ်ပါတယ်။ သူမ ကိုယ်တိုင်ကလည်း တစ်ယောက်တည်းနေရတဲ့ ဘဝမှာ အရမ်းကို ပျော်ရွှင်နေပြီလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’မိန်းမတွေက အရမ်းတိုးတက်အောင်မြင်သားလို့ အချစ်ကို မလိုချင်တော့တာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အချစ်ရဲ့ အာရုံနောက်တဲ့ ဒဏ်ကို မခံနိုင်တော့တာ။ ချစ်သူမရှိတာမှ ကောင်းဦးမယ်။ ရှိနေရင် အသည်းတွေက ကွဲရဦးမယ်၊ စိတ်ကလည်း ပူရတယ်။ ကိုယ့်ထမင်းကိုယ်စားပြီးတော့ သူများသားသမီးကို စိတ်လိုက်ပူရတယ်။ အဲဒီဒဏ်တွေကို မခံနိုင်တော့တာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Mi Sandi

သူမကိုယ်တိုင် ဝါသနာပါပြီး ကြိုးစားနေတဲ့ အလုပ်တစ်ခုအတွက် အချစ်ဆိုတာကို ဦးစားမပေးတော့ဘူးလို့ မိစန္ဒီက ဆက်လက်ပြောပြခဲ့ပါသေးတယ်။

‘’ ဘဝကလည်း အသက်ကြီးလာတာနဲ့ အမျှမသာယာတော့ဘူး။ ရုန်းကန်နေရတဲ့ အပိုင်းတွေကများလာပြီ။ ဒါကိုပဲ တစ်နေ့ တစ်နေ့ စိတ်ပူနေရတာဆိုတော့ မခံစားနိုင်တော့ဘူး။ အကုန်လုံးက အောင်မြင်မှုအနောက်ကို လိုက်လာကြတဲ့အချိန်မှာ ဒီအချစ်ကို အရေးပါတဲ့အရာတစ်ခုလို့မထင်တော့ဘူးလို့လည်း မိစန္ဒီ ထင်ပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၂ ရက်နေ့ညက ‘’သတ္တိခဲ’’ တစ်ကိုယ်တော် တေးစီးရီးမိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Mi Sandi

မိစန္ဒီက သူငယ်ချင်းတွေထဲမှာ အိမ်ထောင်ကျပြီး မိသားစု ဘဝလေးနဲ့ ပျော်ရွှင်နေတဲ့သူတွေလည်းရှိတယ်လို့ဆိုပါတယ်။ အားကျမိတဲ့ စိတ်ခံစားချက်ရှိပေမယ့်လည်း တစ်ယောက်တည်းနေရတဲ့ ဘဝကို နောင်တ မရဘူးလို့ သူကပြောပါတယ်။

‘’ ဖြစ်လာတဲ့အပေါ်မှာပဲ အကောင်းဆုံးကြိုးစားမယ်။ အချစ်ကို မရှာတော့ဘူးလေ။ သူ့ဘာသာသူ ရောက်လာရင်လည်း ရောက်လာ၊ မရောက်လာရင်လည်းနေပေါ့။ ဘာလုပ်ရမှာလဲနော်။ ကိုယ့်ကိုယ်ကိုယ် အပျိုကြီး စာရင်းဝင်ပြီလို့လည်း လုံးဝ မခံယူဘူး။ ကိုယ်က အသက်ကြီးနေသမျှ ကိုယ်နဲ့ အတူ အသက်ကြီးနေတဲ့ ရွယ်တူတွေလည်းရှိနေပြီးသားပဲဆိုတော့ ကိုယ်က လုံးဝ နောက်ကျသွားတယ်ဆိုတာ မရှိဘူး။ ကိုယ်လည်း အပျိုကြီးဖြစ်သလို လူပျိုကြီးတွေလည်း အများကြီးရှိတယ်။ ဘာမှ စိတ်ဓာတ်ကျစရာမလိုပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: Mi Sandi

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က