မိဘလုပ်စာ ထိုင်စားပြီး ဂုဏ်ယူနေမှာ မဟုတ်ဘူး။

ရွှေအိမ်စည်ဟာ သူမရဲ့ ကိုယ်ပိုင်ရပ်တည်မှုအပေါ် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ရင်မဆိုင်ချင်တဲ့ အရာတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ သူကပြောပါတယ်။

Photo: Shwe Eain Si



ရွှေအိမ်စည်ကတော့ အနုပညာအလုပ်တွေကို တစ်ယောက်တည်း ရုန်းကန်လှုပ်ရှားနေရတာဖြစ်ပါတယ်။ ဝေဖန်မှုတိုင်းကိုလည်း ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့ စိတ်ဓာတ်ကို ကြံ့ခိုင်စေခဲ့တဲ့ အတွေ့အကြုံတွေကလည်း အများကြီးပဲ ဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’အိမ်စည်သာ အခုချိန်ထိ အကာအကွယ်တစ်ခုအောက်၊ မိဘတွေရဲ့ အရိပ်အောက်မှာပဲ ဘာမှ စိုးရိမ်စိတ်မရှိပဲနဲ့ နေခဲ့တယ်။ ကိုယ်အပြစ်တစ်ခုခုလုပ်ပြီဆိုရင်တောင်မှ ကိုယ့်ကို ကာကွယ်ပေးနေမယ်ဆိုရင်တော့ အခုလိုတွေလုပ်နေစရာမလိုဘူးပေါ့နော်။ ကိုယ်မဖြေရှင်းနိုင်စရာတစ်ခုခုရှိလာပြီဆိုရင် အမေဆီကို သွားလိုက်မှာပဲပေါ့နော်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်လုပ်ရမယ့် အရာတွေ ဖြစ်လာတဲ့အခါမှာတော့ ရင်မဆိုင်ချင်တာတွေ ဖြစ်လာရင်လည်း ရင်ဆိုင်ရတော့မှာပဲ။ ရွေးချယ်ခွင့်မရှိတဲ့အခါမှာ ကိုယ့်ရဲ့ အတွေ့အကြုံတွေကပဲ သင်ပေးတယ်လို့ ပြောလို့ရတာပေါ့။’’ လို့ သူကဆိုပါတယ်။

Photo: RBV

ကိုယ်ပိုင်ဘဝကို ကိုယ်တိုင် တည်ဆောက်နေရသူဖြစ်တာကြောင့်လည်း လက်ရှိ သူမရဲ့ ရပ်တည်မှုကို ဂုဏ်ယူတယ်လို့ ရွှေအိမ်စည်က ပြောပါတယ်။

‘’ အိမ်စည်ကတော့ ကိုယ့်ကိုယ်ကိုယ်ရပ်တည်နေရတာကို ဂုဏ်ယူတယ်။ အဲဒါကို ပြောရမှာလည်း မရှက်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အိမ်မှာ ငုတ်တုတ်ထိုင်ပြီးတော့ ကိုယ့်မိဘလုပ်စာထိုင်စားပြီး ဂုဏ်ယူနေရင်တော့ ဒါက မှားယွင်းတဲ့ အရာတစ်ခုလေ။ ကိုယ့်အနေနဲ့က ကိုယ်ကိုယ်တိုင်ကြိုးစားပြီးတော့ ရလာတဲ့ စိတ်ဆင်းရဲမှုတွေကိုလည်း ကိုယ်ခံရတယ်။ အဲ့ဒီအတွက် ကိုယ့်ကိုယ်ကိုယ် Credit ပေးသင့်တယ်လို့ ထင်တယ်။ Credi မပေးဘူးဆိုရင်လည်း ကျရှုံးသွားမှာပဲလေ။ တစ်ခုခုလုပ်တာ အောင်မြင်သွားရင် ငါတော်တယ်ပေါ့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရင်းကနေ ကိုယ်ဆိုတာ ဖြစ်လာတာဆိုတော့ ဂုဏ်ယူသင့်တယ်။ အခြေအနေပေါ်ကြည့်ပြီးတော့ မာန ကြီးသင့်ရင်လည်း ကြီးရမှာပေါ့။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတယ်ဆိုတာ တချို့နေရာတွေမှာပဲကောင်းတယ်။ တချို့နေရာတွေမှာတော့ ကိုယ်ဘာလဲဆိုတာကို သိထားသင့်တယ်ထင်တာပဲ’’ ဆိုပြီးတော့ အောက်တိုဘာလ ၇ ရက်နေ့ညက ‘’ကမ္ဘာနှစ်ထပ်’’ရုပ်ရှင် အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: RBV

ရွှေအိမ်စည်ရဲ့ အနုပညာလမ်းကြောင်းမှာတော့ တိုက်ခိုက်မှုတွေ၊ ဝေဖန်မှုတွေလည်း ကြုံခဲ့ရဖူးတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒီလို အကြောင်းအရာတွေကို ပြန်ပြီးတော့ တုံ့ပြန်ထားတာမျိုးတွေမရှိဘူးလို့ ဆိုပါတယ်။

‘’ အနုပညာအလုပ်လုပ်တဲ့သူတိုင်းကတော့ အတင်းပြောတာ ခံရမှာပဲ။ ဒါပေမယ့် ကိုယ့်မျက်နှာအရှေ့ကို လာပြောနေတာ မဟုတ်တော့ ဘယ်သူ ဘယ်ဝါဆိုတာ ကိုယ်မသိရဘူး။ နောက်ကွယ်မှာပြောတာကတော့ ပြောပါစေပေါ့။ အရှေ့ရောက်ရင်တော့ ချိုနေရမှာပဲလေ။ ဘာတတ်နိုင်ဦးမှာလဲ။ သူတို့အရှက်ကို သူတို့ပဲ ခွဲကြတာဆိုတော့ အတင်းပြောတာက ပြောကြပါစေ။ တိုက်ရိုက် တိုက်ခိုက်တာမျိုးတွေလည်း မရှိဘူး။ လာလည်း မပြောရဲကြပါဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

Photo: Shwe Eain Si

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးမှာလည်း မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။ သူမက အခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရတာကိုတွေ့ရပါတယ်။ ရွှေအိမ်စည်က အခုဆိုရင်တော့ အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဘက်ကို တစိုက်မတ်မတ် ဆောင်ရွက်လုပ်ကိုင်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က