စာဂျပိုးလေးတွေရှိလား။
Sabal Thwin

ဆောင်းဝတ်ရည်မေကတော့ သူမ စိတ်ကူးထဲက အချစ်ရေးအကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောပြလာပါတယ်။ စိတ်ကူးထဲက ချစ်သူလေးကတော့ စာဂျပိုး ပုံစံလေးပါတဲ့။

Photo: Hsaung Wutyee May

ရုပ်သံဇာတ်လမ်းတွဲ မင်းသမီးလေးအဖြစ် ပရိသတ်များစွာတို့ရဲ့ အချစ်ကို ပိုင်ဆိုင်နေတဲ့ ဆောင်းဝတ်ရည်မေ ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးလာရပြီဖြစ်ပါတယ်။ သူမက အချစ်ရေးထက် အလုပ်ကို ပိုဦးစားပေးနေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’အနုပညာအလုပ်တွေပဲ လုပ်ဖြစ်နေဦးမှာပါ။ အချစ်ရေးကတော့ အများကြီး မစဉ်းစားချင်သေးဘူး။ အချိန်လည်း မပေးနိုင်သေးဘူး။ အခုချိန်မှာ ကိုယ့်ကို လာကြိုက်ရင်တောင်မှ ဒီလူက ကိုယ့်ကို တကယ်လာကြိုက်တာရော ဟုတ်ရဲ့လား၊ ကိုယ့်ရဲ့ နာမည်တစ်ခုကြောင့် လာကြိုက်တာလား ဆိုပြီးတော့ စဉ်းစားဖူးတာလေးတွေတော့ရှိပါတယ်။ အချစ်ရေးကို အခုချိန်မှာ အများကြီး မစဉ်းစားသေးပါဘူး’’ လို့ သူကဆိုပါတယ်။

Photo: Hsaung Wutyee May

သူမဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး စဉ်းစားတွေးခေါ်ထားတာလေးတွေရှိတယ်လို့ ဆိုပါတယ်။ ဆောင်းဝတ်ရည်မေရဲ့ စိတ်ကူးထဲက ချစ်သူပုံစံလေးကိုလည်း သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

‘’ ငယ်ငယ်လေးကတည်းက ကိုယ်သဘောကျတဲ့ ပုံစံလေးတွေရှိတယ်။ လူပုံစံ Type ဆိုရင်တော့ ကိုယ့်ထက်လည်းအရပ်ရှည်ရမယ်။ အသားဖြူဖြူ၊ မျက်မှန်နဲ့ ပုံစံလေးတွေဆို သဘောကျတယ်။ စာဂျပိုး ပုံစံလေးတွေဆို အရမ်းသဘောကျတာ။ ဒါပေမယ့် အသက်ကြီးလာတော့ ကိုယ့်အပေါ် နားလည်ပေးနိုင်ရမယ်၊ ချစ်နိုင်ရမယ်၊ ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီးတော့ သည်းခံပေးနိုင်ရမယ်ပေါ့နော်။ အဲဒီလိုကျမှပဲ စဉ်းစားဖို့တော့ များပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၆ ရက်နေ့က Player ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Hsaung Wutyee May

ဆောင်းဝတ်ရည်မေဟာ ယောကျ်ားလေးသူငယ်ချင်းတွေ များတာကြောင့်လည်း ချစ်သူထားဖို့ ခက်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေနဲ့ တူတဲ့ ချစ်သူရမှာစိုးလို့ပါတဲ့။

‘’ အခုချိန်ထဲမှာ ကိုယ့်သူငယ်ချင်း ယောကျ်ားလေးတွေက သူတို့ရွှေ့တဲ့ အကွက်တွေကို ကြည့်ရင်းနဲ့ စိတ်တွေညစ်တာ။ ငါ အကယ်၍များ ရည်းစားရခဲ့ရင် အဲဒီလို လူတွေနဲ့ တွေ့ရင် ဒုက္ခပဲ ဆိုပြီးတော့တွေးပြီးကြောက်တယ်။ အဲဒါကြောင့်အများကြီး ပြန်စဉ်းစားနေရတယ်’’ လို့ သူကဆိုပါတယ်။

Photo: Hsaung Wutyee May

ဆောင်းဝတ်ရည်မေကိုတော့ MRTV-4 က ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ သူမဟာ ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလာရတဲ့ တက်သစ်စ အနုပညာရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ စီနီယာ အနုပညာရှင်တွေနဲ့ တွဲဖက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က