တကယ်တော့ ၆ ထပ်တိုက် ဆောက်ချင်တာပါ။

ပိုပို ကတော့ သူမရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အိမ်လှလှလေး တစ်လုံး ပိုင်ဆိုင်ခဲ့ပါပြီ။ ဒီ အိမ်လေးအတွက် သူမရဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြလာပါတယ်။

အဆိုတော်မလေး ပိုပိုက သူမရဲ့ အိမ်သစ်တက်ပွဲကို ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ သူမ စိတ်ကြိုက်ပြင်ဆင်မွန်းမံထားတဲ့ အိမ်ဖြစ်တာကြောင့်လည်း အရမ်းကို ပျော်နေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ လောလောဆယ်တော့ ပြည့်စုံသွားပြီလို့ ခံစားရပါတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ၊ ပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို ဖန်တီးနိုင်တယ်ဆိုတော့ စိတ်ချမ်းသာတယ်။ ပျော်ပါတယ်’’ လို့ သူကဆိုပါတယ်။

သူမကိုယ်တိုင် ပုံဖော်ချင်တဲ့ တိုက်အိမ်လေးက ၆ ထပ်ပါတဲ့။ ဒါပေမယ့် ငွေကြေးအခက်အခဲကြောင့် ၃ ထပ် ဆောက်ခဲ့ရတယ်လို့လည်း သူကပြောပါတယ်။

‘’ ပွင့်ပွင့်လင်းလင်းပြောရရင် ၆ ထပ်ဆောက်ချင်တာ။ ဒါပေမယ့် အစ်မကပြောတယ် ၆ ထပ်လုံးမှာ တစ်ယောက်တည်းနေမလို့လားတဲ့။ ဟုတ်တယ်လေလို့ စီးပွားရေးလည်း လုပ်မယ် ဘယ်နှထပ်အထိပေါ့ စဉ်းစားတာ။ ဒါပေမယ့် ပိုက်ဆံက မလောက်တော့ ၃ ထပ်ပဲဆောက်ဖြစ်တာ။ ကာလာတွေဆိုရင်လည်း အဖြူတွေပဲကြိုက်တော့ အဖြူကို ရွှေနဲ့တွဲချင်တာနဲ့ အရောင်လေး ခြယ်ဖြစ်တယ်’’ လို့ ဆိုပါတယ်။

ပိုပိုက အဖြူရောင်ကို အရမ်းကြိုက်တဲ့ ကောင်မလေး တစ်ယောက်ပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့ အိမ်လေးကိုလည်း အများအားဖြင့် အဖြူရောင် သုံးထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အနက်ရောင် နေရာလေးလည်း ရှိသေးတယ်လို့ သူကဆိုပါတယ်။

‘’ အဖြူချည်းပဲဆိုရင်တော့ မလှဘူးလို့ပြောကြတော့ အနက်ရောင်ကို သွားတွေ့တာနဲ့ အနက်ရောင်လေး လုပ်ဖြစ်တယ်။ IT ပိုင်းကလူတွေက ပြောတယ် အနက်ရောင်က ဘယ်သူမှ မလုပ်ဘူးနော် ဆိုတော့ ဘယ်သူမှ မလုပ်လည်း ငါလုပ်မယ်ဆိုပြီးတော့ ထားဖြစ်တယ်။ အဲဒါလေးကိုတော့ ဝိုင် ဘားနဲ့တွဲဖြစ်တယ်ပေါ့နော်။ အဲဒါကတော့ ကိုယ့်သီးသန့်ပေါ့။ ကိုယ်သောက်ဖို့တော့ မဟုတ်ဘူး အလှပဲ။ ပိုပိုက မသောက်တတ်ဘူး။ သူငယ်ချင်းတွေ လာရင်တော့ မပြောတတ်ဘူးပေါ့နော်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။

သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ သူမပါဝင်ထားတဲ့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး ဟာ လည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Share

Loading Next Article...
က္က