ကျူးလွန်လိုက်တဲ့အရာကို ဖြတ်ပစ်ရမယ် ။

သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို တကယ် ထိရောက်တဲ့ အပြစ်ဒဏ်ပေးသင့်တယ်လို့ ထက်ထက်ထွန်းက ပြောပါတယ်။ ဒါကလည်း ဥပဒေ အားနည်းသေးလို့ အခုလို ကိစ္စရပ်တွေဖြစ်တာလို့လည်း သူကဆိုပါတယ်။

Photo: Li John

သရုပ်ဆောင် ထက်ထက်ထွန်းက လက်ရှိ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့နေရတဲ့ သက်ငယ်မုဒိမ်း မှုသတင်းတွေနဲ့ ပတ်သက်ပြီး ဥပဒေအားနည်းသေးတယ်လို့ဆိုပါတယ်။ ဒီ ကိစ္စအပေါ် သူမရဲ့ သုံးသပ်ချက်ကိုလည်း မီဒီယာတွေကနေတဆင့် ပြောပြထားပါတယ်။

‘’ ဥပဒေ အားနည်းတာကြောင့်လည်းပါတယ်ပေါ့နော်။ အိမ်မှာ ကလေးက မုန့်ခိုးစားမယ်ဆိုရင်တောင် အမေက ရိုက်မှာကြောက်လို့ မခိုးစားရဲကြဘူး။ တစ်ခုခု ဆုပေး၊ ဒဏ်ပေးဆိုသလိုပေါ့ ဆုပေးတာရှိသလို၊ ဒဏ်ပေးတာလည်း ရှိသင့်တာပေါ့။ ဒဏ်ပေးတာ မရှိဘူးဆိုရင် ဘယ်သူမှလည်း မကြောက်ဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေက မကောင်းဘူးဆိုတဲ့အရာကို ပိုပြီးတော့ မွေ့လျှော်ကြတယ်၊ ဒါပေမယ့် ကိုယ့်ကိုယ် ပြန်ထိပြီးတော့ တုံ့ပြန်လာမယ်ဆိုရင် အရမ်းကြောက်ကြတယ်လေ’’ လို့ သူကဆိုပါတယ်။

Photo: Htet Htet Htun

သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ဥပဒေ ရှိသင့်တယ်လို့ ထက်ထက်ထွန်းက ပြောပါတယ်။ ဒါပေမယ့် တကယ်ကို ထိရောက်တဲ့ အပြစ်ဒဏ် ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

‘’ ထိုင်ခုံခါးပတ် ပတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပတ်ကြပါ ဆိုတုန်းက ဘယ်သူမှ မပတ်ကြဘူး။ ဒါပေမယ့် ထိရောက်တဲ့ တန်ဖိုးတစ်ခုနဲ့ အရေးယူလိုက်တဲ့အခါမှာ ကြောက်ကြတယ်။ ပတ်ကြတယ်။ ဥပဒေအရ ထိရောက်စွာ အရေးယူဖို့လည်း လိုအပ်တယ်။ အရေးယူတဲ့ဟာကလည်း ထိရောက်စွာ အရေးယူပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်လိုက်တာမျိုး၊ အကြောင်းကြောင်းကြောင့် ပြန်လွှတ်လိုက်တာမျိုး၊ တစ်ယောက်ယောက်ကြောင့် အစားထိုးခံလိုက်ရတာမျိုးတွေ မဖြစ်စေချင်ဘူး။ တကယ်ကျူးလွန်လိုက်တဲ့ သားကောင်ကို တကယ်အပြစ်ရှိအောင် ခံစေချင်ပါတယ်’’ လို့ ဇွန်လ ၂၇ ရက်နေ့က ပြုလုပ်တဲ့ Bay Kinn App မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Li John

သူမ ကိုယ်တိုင်ကလည်း သက်ငယ်မုဒိမ်း ကျူးလွန်သူတွေအပေါ် ပေးစေချင်တဲ့ ပြစ်ဒဏ်ကိုလည်း အခုလို ပြောပြလာပါတယ်။

‘’ တစ်သက်တစ်ကျွန်းကျသွားလို့ ပြန်လွတ်မြောက်လာတဲ့သူတွေတောင် ရှိတတ်တဲ့အခါကျတော့ စိုးရိမ်ရပါတယ်။ ထက်ကတော့လေ ဖြစ်ဖြစ်ခြင်းမှာ သူတို့ ကျူးလွန်လိုက်တဲ့အရာကိုပါ ဖြတ်ပစ်လိုက်စေချင်တာ။ ဒီဟာရှိလို့ သူတို့ ကျူးလွန်တာ။ သူတို့ရဲ့ စိတ်ထဲမှာ နှလုံးသားထဲမှာ ဦးနှောက်ထဲမှာ ဘယ်လိုပဲ ထရွနေပါစေ သူတို့ မကျူးလွန်နိုင်ဘူး။ အဲဒါကြောင့် ဖြတ်ရင်လည်းဖြတ်၊ သတ်ရင်လည်းသတ်၊ တစ်သတ်တစ်ကျွန်းထားရင်လည်းထားကျေနပ်တယ်’’ လို့ သူကဆိုပါတယ်။



ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ် တစ်ဦးဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးတွင် National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်နိုင်ခဲ့သူတစ်ဦး လည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမကို သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ မြင်တွေ့နေရပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က