အလှူရှင်တွေ အပြင် ထပ်လိုရင် သိန်း(၄၀၀) လောက်စိုက်ရတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အနေနဲ့ Covid ကာလမှာ အခက်အခဲရင်ဆိုင်နေရတဲ့ အနုပညာလောကသားတွေအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ဖို့ တော်တော်ကြိုးစားနေရတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဌ ဦးအေးကြူလေးက ဆိုပါတယ်။ 

COVID-19 ကူးစက်ရောဂါကြောင့် အနုပညာလောကသားတွေ အနေနဲ့ ရိုက်ကူးရေးတွေ ရပ်နားထားရတယ်လို့ သိရပါတယ်။ အခုလို ရပ်နားလိုက်တဲ့ အချိန်မှာ စားဝတ်နေရေး အခက်အခဲကြုံတွေ့ခဲ့ရတဲ့ လောကသားတွေရှိနေတာကြောင့် ရုပ်ရှင်အစည်းအရုံးကနေတဆင့် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးလျှက်ရှိတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒု-ဥက္ကဌ ဦးအေးကြူလေးက Duwun ကို ပြောပါတယ်။ 



“ အခုချိန်မှာတော့ (၅) ကြိမ်ထောက်ပံ့ပြီးသွားပြီ။ နောက်တစ် ကြိမ်ကတော့ ပေးနိုင်ဖို့ ကြိုးစားကြည့်ရမှာပေါ့။ နဂိုတုန်းက ပေးတယ်ဆိုတာက အပြင်က ထောက်ပံ့တာတွေရှိတယ်။ ဒါပေမယ့် လိုတဲ့ဟာတွေကို အစည်းအရုံးက ထပ်စိုက်ပေါ့။ တစ်ခါလိုရင် သိန်း(၄၀၀) လောက် ထပ်စိုက်ရတာဆိုတော့ အလှူအတွက် ကုန်ကျစာရိတ် စီစဉ်ရတာတွေလည်း အရမ်းများသွားတာပေါ့။ အခု (၅)ကြိမ်ဆိုတာလည်း မနည်းပါဘူး။ ရုပ်ရှင်အစည်းအရုံးဝင်ချည်းပဲ လူ (၃၅၀၀) လောက်ရှိတယ်။ ဒါပေမယ့် ပိုက်ဆံရှိတဲ့သူတွေကတော့ လာမထုတ်ပါဘူး။ တကယ်တမ်း လာထုတ်တဲ့လူက (၁၅၀၀) လောက်ပဲရှိပါတယ်" လို့ သူက ဆိုပါတယ်။ 

နာမည်ကျော် အနုပညာရှင်တွေကလည်း အခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးကြတယ်လို့လည်း ဦးအေးကြူလေးက ဆက်လက် ပြောပြလာပါတယ်။ 

" ကျွန်တော်တို့ လောကသားတွေကလည်း စေတနာတော့ကောင်းတယ်။ သူတို့ခဗျာမှာလည်း ပိုက်ဆံရှိတဲ့သူတွေကျတော့ ဘေးတွေကို လိုက်ပြီးလှူကြတာရှိတယ်။ ဒါပေမယ့် တကယ့် Main အနေနဲ့ ကျတော့ ကိုယ့်လောကသားတွေထဲမှာလည်း ဒုက္ခရောက်နေကြတာတွေလည်းရှိတော့ ဒီဘက်ကို လှူတာ အားနည်းသွားကြတာပေါ့။ ဒါပေမယ့် ရေရှည်ကျတော့လည်း ထောက်ပံ့ပေးသွားဖို့ဆိုတာ မလွယ်ဘူးပေါ့လေ" လို့ ဆိုပါတယ်။ 

အနုပညာလောကသားတွေအနေနဲ့ COVID_19 ကူးစက်ရောဂါကြောင့် ၂၀၂၀ခုနှစ် မတ်လ အစကတည်းက အနုပညာအလုပ်တွေ ရပ်နားလိုက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အနုပညာလောသားတွေရဲ့ စားဝတ်နေရေးအတွက် ငွေကြေးနှင့် စားနပ်ရိက္ခာများကို လစဉ်ထောက်ပံ့ပေးနေတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က