ကိုယ့်ပုံစံနဲ့ကိုယ်ဖြစ်အောင် နေပါတယ်။

စိုင်းဝဏ္ဏအောင်ဟာ တောင်ကိုရီးယားသရုပ်ဆောင် လီမင်ဟို နဲ့ တူတယ်ဆိုလို့ ပရိသတ်တွေ ပိုသိခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုတိုင်းမှာ နှိုင်းယှဉ်ခံရရင်တော့ သဘောမကျတော့ဘူးလို့ ပြောပါတယ်။

Photo: Sai Wunna Aung



စိုင်းဝဏ္ဏအောင်ကိုတော့ သူ့ကိုချစ်တဲ့ ပရိသတ်တွေက တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်သရုပ်ဆောင် လီမင်ဟို(ခ) ဂူဂျွန်ဖြိုးနဲ့ တူတယ်လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒီလို နှိုင်းယှဉ်ခံရတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

“ဒါကတော့ ဘယ်သူက ဘယ်လို စလိုက်တယ်မသိဘူး။ ဘယ်သူပဲဖြစ်ဖြစ် နှိုင်းခံရတာကို သဘောမကျဘူးဆိုပေမယ့် ကျေးဇူးအများကြီးတင်ပါတယ်။ သူတို့ အဲဒီလို ပြောခဲ့လို့လည်း ကျွန်တော့်ကို လူတွေ ပိုသိလာတာပေါ့နော်။ ဒါပေမယ့် အဲဒီလိုကြီးဖြစ်အောင်လည်း မနေဘူး။ ကိုယ့်ပုံစံနဲ့ကိုယ်ဖြစ်အောင်နေပါတယ်” လို့ ဆိုပါတယ်။

Photo: Lee Min Ho

လီမင်ဟို နဲ့ တူတယ်လို့ အပြောခံခဲ့ရချိန်ကစလို့ ပရိသတ်တွေ သတိထားမိစေခဲ့တာကတော့ ကောင်းတဲ့ အချက်ပဲလို့ စိုင်းဝဏ္ဏအောင်က ပြောပါတယ်။ ဆိုးတဲ့ အချက်လည်း ရှိတယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

“ သူနဲ့တူတယ်လို့ အပြောခံရတဲ့အခါမှာ ကိုယ့်လူတွေက တစ်ခုခုဆိုရင် သူနဲ့လိုက်ယှဉ်ပြီးတော့ ကြည့်နေမှာလေ။ ဝေဖန်ကြတာတွေလည်းရှိတယ်။ အဲဒါတွေကတော့ မကောင်းတဲ့ အချက်ပါပဲ။ ဘာပဲလုပ်နေ လုပ်နေ သူနဲ့ပဲ နှိုင်းခံနေရတာပေါ့။ အယှဉ်ခံရတဲ့ ခံစားချက်က ကျွန်တော့်အနေနဲ့တော့ အဆင်မပြေဘူး” ဆိုပြီးတော့ နိုဝင်ဘာလ ၃၀ ရက်နေ့က “သန်းခေါင်ယံ” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Sai Wunna Aung

လက်ရှိမှာလည်း စိုင်းဝဏ္ဏအောင်က သရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ လီမင်ဟိုရဲ့ အနုပညာအလုပ်တွေကိုလည်း လေးစားတယ်လို့ ဆိုပါတယ်။

“ လီမင်ဟိုရဲ့ အနုပညာအလုပ်တွေကိုတော့ လေးစားတယ်။ ဒါပေမယ့် သရုပ်ဆောင်တဲ့အခါမှာတော့ သူ့ရဲ့ လွှမ်းမိုးမှုမရှိအောင်၊ ကိုယ့်ပုံစံနဲ့ကိုယ်ဖြစ်အောင် ကြိုးစားတယ်။ ကျွန်တော့်ပုံစံအတိုင်း သရုပ်ဆောင်ရတဲ့ ကာရိုက်တာကိုလည်း ပီပြင်အောင် သရုပ်ဆောင်သွားမှာပါ။ အခုတော့ သိပ်မတူတော့ပါဘူး။ ကျွန်တော်က လူကောင်ထွားနေပြီ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Sai Wunna Aung

စိုင်းဝဏ္ဏအောင်ကတော့ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အဖြစ်ကနေ ဝင်ရောက်လာခဲ့တာဖြ စ်ပါတယ်။ အဲဒီနောက် Music Video တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ပရိသတ်တွေက တောင်ကိုရီးယားသရုပ်ဆောင် လီမင်ဟိုနဲ့ တူတယ်လို့ ပြောလာကြတဲ့အချိန်မှာတော့ ပရိသတ်တွေ ပိုသိခဲ့ကြတာပါ။ အခုဆိုရင်တော့ စီနီယာအနုပညာရှင်တွေနဲ့ အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က