အစ်ကိုတွေကတော့ ငြိမ်နေတာပဲ။
Sabal Thwin

ခြူးလေးကတော့ ယောကျ်ားလေးဆန်ဆန် နေတတ်တဲ့ သူမအတွက် လက်ဝှေ့ပွဲသွားကြည့်ခဲ့တုန်းက အမှတ်တရတွေကို ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။ အစ်ကိုတွေကတောင် ဝိုင်းထိန်းရလောက်အောင်ပါပဲတဲ့။ 

Photo: Chue Lay



ခြူးလေးတစ်ယောက် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ WLC 11:Battlebones ပွဲသွားကြည့်ဖြစ်ခဲ့တဲ့အတွေ့အကြုံတွေကိုပြောလာပါတယ်။ လက်ဝှေ့ပွဲကြည့် နေတဲ့အချိန်မှာအစ်ကိုတွေကတောင် ထိန်းရတဲ့အထိ အားပေးကြမ်းခဲ့တဲ့အကြောင်း မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကိုယ်လည်း လက်ဝှေ့ ပွဲကို တစ်ခါမှ သွားမကြည့်ခဲ့ဖူးဘူး။ ဒီတစ်ခါ သွားကြည့်တာ ပထမဆုံးပဲပေါ့နော်။ ထိုးနေကြိတ်နေရင်လည်း ကိုယ်က သနားနေတာ၊ မြန်မာအချင်းချင်းထိုးတော့ ရှုံးတဲ့လူကို ကိုယ်က သနားလို့၊ ဒါပေမယ့် မြန်မာနဲ့ နိုင်ငံခြားသားက ထိုးတော့ ကိုယ့်ဘက်က လူကိုပဲ ပိုပြီးတော့ အားပေးတော့တာ။ ချ ချ၊ ထိုးပစ် ဆိုတာချည်းပဲ။ အစ်ကိုတွေကလည်းပြောတယ် ညီမတစ်ယောက်ပါလာတာ တော်တော် ထိန်းရတာပဲ ဆိုပြီးတော့ပေါ့ သူတို့ကတော့ ငြိမ်နေတာပဲ။ ကိုယ်ကလည်း တော်တော် အကျင့်မကောင်းတာပေါ့နော်” လို့ သူကဆိုပါတယ်။ 

Photo: Chue Lay

သူမကိုယ်တိုင်ကလည်း အလုပ်တွေ အားတဲ့အချိန်မှာ လေ့ကျင့်ခန်းတော်တော်များများ လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ နယ်ရိုက်ကူးရေးတွေ သွားတာများတဲ့အတွက် ကိုယ့်ကျန်းမာရေးကို အစားအသောက်နဲ့ပဲ ထိန်းဖြစ်တယ်လို့ ပြောပါတယ်။ 

“ ခြူးလေးက Boxing ကတော့ ဆော့တယ်၊ ဝိတ်အရမ်းတက်လာပြီဆိုရင် သွားဆော့ဖြစ်တယ်။ အဲဒီကစားနည်းတွေကလည်း ရန်ကုန်မှာရှိပြီး သေသေချာချာလေး လုပ်ဖြစ်မှပါ။ ခြူးလေးက အိမ်စောင့်နတ်နဲ့လည်းရန်ဖြစ်ထားတယ်၊ ရန်ကုန်နဲ့လည်း ရန်ဖြစ်ထားတဲ့လူဆိုတော့ မဆော့ဖြစ်တာ များနေတာ။ အိမ်စောင့်နတ်နဲ့ကတော့ တည့်မှာ မဟုတ်ဘူး၊ ရန်ကုန်နဲ့တည့်အောင် တော်တော်ကြိုးစားနေရတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့က Villa Myanmar ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Chue Lay

ခြူးလေး(Chue Lay) ဟာ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်းနဲ့ နာမည်ရလာတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူမကို "ထာဝရ မန္တလေး" ရုပ်သံဇာတ်လမ်းတွဲနဲ့ လူသိများလာတာဖြစ်ပြီး အဲဒီနောက်မှာ ဗီဒီယိုတွေလည်း ရိုက်ကူးလာတာကို တွေ့ရပါတယ်။၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရိုက်ကူးတဲ့ One Night In The Old House ဆိုတဲ့ ဗီဒီယိုကားထဲမှာ ကိုရီးယားရူးမလေးအဖြစ် ပါဝင်ထားတဲ့ အပြင် MRTV 4 မှာ ပြသခဲ့တဲ့ "ပဉ္စလက်ရွာ" ဇာတ်လမ်းတွဲထဲမှာပါလည်း ပါဝင်ထားပါသေးတယ်။အခုနောက်ပိုင်းဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရပါပြီ။




ဆက်စပ်အကြောင်းအရာများ


Author

  • Sabal Thwin

    Entertainment Reporter


က္က