အရင်အချိန်တွေကို သတိရတယ်တဲ့။

အသက်အရွယ်အရ အငယ်တွေကို ဖယ်ပေးရတဲ့အချိန်တွေ ရှိလာသလို ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ မလုပ်နိုင်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်နေချိန်မှာတော့ လွင်မိုးနဲ့ အတူ ရုပ်ရှင်တွေ ပြန်ရိုက်ချင်တယ်တဲ့။  

Photo : ထက်ထက်မိုးဦး



ပြီးခဲ့တဲ့ လပိုင်းလောက်က ကျန်းမာရေး အခြေအနေကြောင့် ခွဲစိတ်မှုတွေ လုပ်ခဲ့ရတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးက လက်ရှိမှာ အနုပညာအလုပ်တွေ တစ်စစနဲ့ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ဆိုင်ဖွင့်ပွဲတွေ၊ ကြော်ငြာရိုက်ကူးမှုတွေ လုပ်နေတဲ့ သူမဟာ အရင်ကလို လွင်မိုးနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေ ပြန်ရိုက်ချင်တယ်လို့ ဆိုပါတယ်။

“ကိုမိုးတို့နဲ့ရိုက်မယ်လေ ငယ်ငယ်တုန်းက ရိုက်နေကျ မင်းသားဆို လက်ချိုးရေလို့ရတယ်။ ကိုသားကြိးနဲ့ လွင်မိုးနဲ့ပဲ ရိုက်ခဲ့တာ များတယ်။် ကိုမိုးကြီးဆို အမြဲတမ်းသတိရတယ်။ TV ကနေ ဇာတ်ကားဟောင်း တွေလာရင် ရိုက်ခဲ့တဲ့ ကားတွေရင် ပြန်သတိရတယ်။ ကိုမိုးနဲ့လည်း မတွေ့ရတာ ကြာလှပြီ ။မနက်မိုးလင်းလာရင် ကိုမိုးတို့ ကိုသားကြီးတို့ တွေ့ရတာများတယ်။ ဘဝမှာ အလုပ်လုပ်ရင် တွေ့ရတဲ့အချိန် အများဆုံး ကတော့ သူတို့နှစ်ယောက်ပဲ” လို့ သူမက Duwun Media ကို ပြောပါတယ်။

လွင်မိုးနဲ့ထက်ထက်မိုးဦးတို့ဟာ အရမ်းကို အတွဲညီခဲ့တဲ့ သရုပ်ဆောင်တွေ ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ ကြော်ငြာတွေ၊ဇာတ်ကားတွေဟာ အခုချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားနိုင်ဆဲဆိုရင်လည်း မမှားပါဘူး။သူတို့ဟာ ၁၉၉၀-၂၀၀၀ခုနှစ်ဝန်းကျင်လောက်မှာ အနုပညာလောကမှာ လျှန်းလျှန်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တွေ ဖြစ်ခဲ့သလို အခုလက်ရှိလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့သရုပ်ဆောင်တွေ ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း ထက်ထက်မိုးဦးက သူမရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေ မစိုးရိမ်ကြဖို့ကိုလည်း ပြောခဲ့ပါသေးတယ်။

‘’စိတ်မပူပါနဲ့ ကိုယ်ကတော့ ခဏခဏ နှလုံးခွဲလိုက်၊ လည်ပင်းခွဲလိုက်၊ ဗိုက်ခွဲလိုက်ဆိုတော့ ကိုယ့်အတွက်ကတော့ ဘာမှ သိပ်မထူးဆန်းတော့ဘူး။ ကြောက်တော့ ကြောက်တာပေါ့နော်။ ဒါပေမယ့် နာလည်း နာတယ် ခဏပါပဲ။ ပြီးတော့လည်း အလုပ်ပြန်ကြိုးစားရမှာပေါ့။ ဒီအလုပ်ကို လုပ်ချင်တော့ စိတ်ကူးနဲ့ရူးခဲ့ရတယ်’’လို့ သူကဆိုပါတယ်။

Photo : Amazing Grace

သူမဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။

Share

Loading Next Article...
က္က