Sabal Thwin

‘’နိုင်ငံကြီးသား’’ရုပ်ရှင်ဇာတ်ကားကိုတော့ ၈ လပိုင်း ၈ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာအကြောင်းကိုလည်း ပါဝင်ထားတဲ့ အနုပညာရှင်တွေက အခုလို ပြောပြခဲ့ပါတယ်။

ပရိသတ်စိတ်ဝင်စားမှုတွေ ရရှိနေတဲ့ ‘’နိုင်ငံကြီးသား’’ရုပ်ရှင်အထူးပြပွဲကို သြဂုတ်လ ၅ ရက်နေ့ညက သမ္မတ အဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကို ပုံဖော်ရိုက်ကူးထားတာကတော့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ပါ။

‘’အဓိက ကတော့ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိအောင်၊ ဥပဒေသည်သာ ကျွန်တော်တို့ရဲ့ အထက်မှာရှိရမယ်။ အမှန်တရား ဆိုတာကိုလည်း ဘယ်သူ့မှ ဖုံးကွယ်လို့ မရဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် ပေါ်လာမှာပဲဆိုတဲ့အရာကို မက်ဆေ့ချ်ပေးချင်တာ’’ ဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ အက်ရှင်ဇာတ်ကားတွေထဲကမှ ထူးခြားတဲ့ ရသမျိုးကို ခံစားသွားရမယ့် အက်ရှင်ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။

အဲဒီနောက် ဝါရင့်သရုပ်ဆောင် မင်းသားတစ်ဦးဖြစ်တဲ့ နေထက်လင်းကလည်း ဒီဇာတ်ကားထဲမှာ ပရိသတ် မြင်ဖူးနေကြ မဟုတ်တဲ့ ကာရိုက်တာနဲ့ ပါဝင်လာရတယ်လို့ ဆိုပါတယ်။ ဒီကာရိုက်တာဟာ သူ့အတွက် တာဝန်ကြီးလွန်းတာကြောင့်လည်း မပီပြင်ရင် အဆဲခံရမယ် ဆိုပြီးတော့ လည်း ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ ဒီဇာတ်ကားထဲမှာ ကျွန်တော့်ကို ကာရိုက်တာအဆန်း ပေးထားတဲ့အတွက် တာဝန်လည်း အရမ်းကြီးတယ်။ အိုက်တင်မကောင်းရင်တော့ အဆဲခံရမှာပေါ့နော်။ အိုကေ သွားရင်တော့ ကျွန်တော် လက်မ ထောင်လို့ရပြီပေါ့။ ကျွန်တော့်အတွက် နောက်ထပ် ဇာတ်ကားတွေလာမှာပေါ့’’ လို့ သူကဆိုပါတယ်။

‘’နိုင်ငံကြီးသား’’ ဆိုတဲ့အတိုင်း ပရိသတ်ကို ကောင်းမွန်တဲ့ သင်ခန်းစာတွေ ပေးနိုင်မယ့် ဇာတ်ကား တစ်ကားဖြစ်တယ်လို့လည်း ထွန်းထွန်းက ပြောပါတယ်။ သူဟာ ဒီရုပ်ရှင်ကားကြီးထဲမှာ ရဲ တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။

‘’ ဒီဇာတ်ကားကတော့ ပညာပေးဇာတ်ကားပါပဲ။လူကြီး၊ လူငယ်၊ ကလေးကအစ နားလည်မယ့် ပညာပေးဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာကတော့ ကျွန်တော်က ရဲ တစ်ယောက်ကာရိုက်တာပေါ့။ ၂၀၁၈ ခုနှစ်ထဲမှာဆိုရင်တော့ ပထမဦးဆုံးရိုက်ဖြစ်ခဲ့တဲ့ ရဲ ဇာတ်ကားပေါ့နော်’’ လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။

ခင်လှိုင်ရဲ့ သားဖြစ်သူ နေရဲ ကလည်း ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ စီနီယာ အနုပညာ ညီအစ်ကိုတွေအတွက်ရော၊ အားလုံးအတွက် စိတ်လှုပ်ရှားနေပါပြီတဲ့။ သူကိုယ်တိုင်ကလည်း မင်းမော်ကွန်း၊ မင်းသွေး တို့ နဲ့ အတူတူ သူဌေးသား တစ်ယောက်ရဲ့ ကာရိုက်တာကို ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

‘’ ကျွန်တော် အရမ်းရင်ခုန်နေတယ်။ အားလုံး အမြင်နဲ့ ထပ်တူကျရဲ့လား ဆိုတာကိုပေါ့။ ဒီဇာတ်ကားထဲမှာ ကိုကျော်ရယ်၊ ကိုမင်းသွေးရယ်၊ ကျွန်တော်ရယ်က သူငယ်ချင်းတွေ။ ပြီးတော့ ကျွန်တော်တို့က ပိုက်ဆံရှိတဲ့ သားသမီးတွေပေါ့’’ ဆိုပြီးတော့ သြဂုတ်လ ၅ ရက်နေ့က နိုင်ငံကြီးသားရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ၈ ရက်၊ ၈ လ ပိုင်းကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ရိုက်ကူးတာဖြစ်ပြီး အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ နေတိုး၊မင်းမော်ကွန်း၊ မင်းသွေး၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ ရွှေသမီးနဲ့ အောန်ဆိုင်း တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က