မတ်လ ၆ ရက်နေ့ နေ့လယ်မှာ ကွယ်လွန်ခဲ့တာပါ။
လူကြမ်းသရုပ်ဆောင် လက်သီးမိုး မတ်လ ၆ ရက်နေ့ နေ့လယ် ၁ နာရီကျော်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ သူ့ရဲ့ ဈာပန နဲ့ ပတ်သက်ပြီး သေသေချာချာ မသိရသေးဘူးလို့ ကိုလူချောအဖွဲ့ဥက္ကဌ ဦးအောင်ခိုင်က ပြောပါတယ်။

Photo: သန့်စင်

ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေမှာ လူကြမ်းသရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ လက်သီးမိုးဟာ မတ်လ ၆ ရက်နေ့ မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ဒီအတွက် လူကြမ်းသရုပ်ဆောင် သန့်စင်ကလည်း ကောင်းရာဘုံဘဝရောက်စေဖို့ ဆုတောင်းထားပါတယ်။

‘’ကိုလူချောအဖွဲ့ဝင် လက်သီးမိုး(လူကြမ်းသရုပ်ဆောင်) ၆.၃.၂၀၁၉ နေ့တွင် ကွယ်လွန်သွားပါသည်။ သူငယ်ချင်းကောင်းရာဘုံဘဝသို့ရောက်ပါစေ။ လူကြမ်းဘဝထက်သာလွန်သောဘဝသို့’’ ဆိုပြီးတော့ လူကြမ်းသရုပ်ဆောင် သန့်စင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မတ်လ ၆ ရက်နေ့ ညနေ ၂ နာရီ ၅၆ မိနစ်က ရေးသားထားတာ တွေ့ရပါတယ်။

Photo: သန့်စင်

အဲဒီနောက် ကိုလူချောအဖွဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်သူ ဦးအောင်ခိုင်က လူကြမ်းသရုပ်ဆောင် လက်သီးမိုး ရဲ့ ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး Duwun Media ကို အခုလိုဖြေဆိုခဲ့ပါတယ်။

’ကွယ်လွန်တာကတော့ ဒီနေ့(မတ်လ ၆ရက်နေ့) နေ့လည် ၁ နာရီကျော်မှာ ဆုံးသွားတာ။ သူ့ရဲ့ နေအိမ်ဖြစ်တဲ့ လှိုင်သာယာမှာပဲ ဆုုံးတာပါ။ ဘာကြောင့်ဆုံးတယ် ဆိုတာကတော့ သေသေချာချာ မသိရသေးပါဘူး။ အသုဘကိစ္စတွေလည်း သေချာမသိရသေးဘူး’’ လို့ ဆိုပါတယ်။

Photo: သန့်စင်

ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ ကောင်းမွန်ဖို့အတွက် လူကြမ်းသရုပ်ဆောင်တွေကလည်း မပါမဖြစ်ပါပဲ။ လက်သီးမိုးဟာလည်း လူကြမ်းသရုပ်ဆောင်အဖြစ် ရပ်တည်ခဲ့တာကြာခဲ့ပါပြီ။ သူဟာ အက်ရှင်ဇာတ်ကားအများစုမှာ ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။



က္က