ဆရာကောင်းတွေနဲ့ ထပ်ဆုံချင်ပါသေးတယ်။
Sabal Thwin

ထက်ထက်ထွန်းကတော့ လူမင်း ဆီက အနုပညာနဲ့ ပတ်သက်ပြီး ပညာတွေ အများကြီးရတယ်လို့ဆိုပါတယ်။ လူမင်း တင်ပေးလိုက်တဲ့ သရုပ်ဆောင်တွေလို အောင်မြင်ဖို့တော့ မျှော်လင့်မိတယ်လို့ ပြောပါတယ်။

Photo: Amazing Grace

အနုပညာအလုပ်တွေ တစိုက်မတ်မတ်လုပ်လာပြီဖြစ်တဲ့ ထက်ထက်ထွန်းက လူမင်းကိုယ်တိုင်ရိုက်ကူးတဲ့ ‘’ညစ်တွန်း’’ရုပ်ရှင်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ လူမင်း ဆီက သရုပ်ဆောင်နဲ့ ပတ်သက်တဲ့ ပညာတွေ အများကြီးရတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ တစ်ယောက်နဲ့တစ်ယောက် ကံလည်းမတူဘူး။ အန်ကယ်လေး သင်ပြမှုတွေနဲ့ ထက် ရဲ့ ကြိုးစားမှုတွေနဲ့လည်းဆိုင်တယ်။ အန်ကယ်လေးတင်ပေးလိုက်လို့ အောင်မြင်သွားကြတယ်ဆိုတာကတော့ အနုပညာပျိုးခင်ကလို ပြိုင်ပွဲကနေ ဗီဒီယိုဇာတ်ကားတွေ အများကြီးရိုက်ရတယ်၊ လုပ်ကွက်တွေ အများကြီးရတယ်၊ အခွင့်အရေးတွေ ဆက်တိုက်ရသွားတယ်။ အမှားရှိခဲ့မယ်၊ အားနည်းချက်ရှိခဲ့မယ်ဆိုရင်တောင် နောက်တစ်ခေါက် ပြင်ဆင်ခွင့်တွေရကြတယ်ပေါ့နော်။ ထက်ကတော့ အခွင့်အရေးကြီးကြီးမားမား မရသေးပါဘူး။ မျှော်လင့်ပါတယ်။ နောက်ထပ်လည်းဆရာကောင်းတွေနဲ့ တွေ့ဆုံချင်တယ်’’ လို့ သူကဆိုပါတယ်။

Photo: Li John

‘’ညစ်တွန်း’’ရုပ်ရှင်ဇာတ်ကားကိုတော့ စက်တင်ဘာလ ၁၉ ရက်နေ့က စပြီး ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတာပါ။ ဒီဇာတ်ကားထဲမှာ ထက်ထက်ထွန်းကိုတော့ Dancer မလေး တစ်ယောက်အဖြစ်မြင်တွေ့ရမှာပါတဲ့။

‘’ ဒီဇာတ်ကားလေးက ထက်ထက်အတွက် တကယ်ကို လုပ်ကွက်ရတဲ့ ဇာတ်ကားလေးပါ။ ဒီကာရိုက်တာကို ယုံယုံကြည်ကြည်လုပ်ခွင့်ပေးတဲ့ အန်ကယ်လေးကို ကျေးဇူးတင်ပါတယ်။ ဒီနေရာမှာ ထက်ထက်က Dancer မလေးတစ်ယောက်ဆိုတော့ နီနီခင်ဇော်သီချင်းနဲ့ အက ၂ ရက်လောက် တိုက်ထားခဲ့တာပါ။ ဇာတ်ကောင်ဆိုရင်လည်း နေရာ သီးသန့်လေးရတယ်။ သေသေချာချာလေး နေရာပေးခဲ့တဲ့အတွက် အသစ်တစ်ယောက်အနေနဲ့ အရမ်းကို ဝမ်းသာရပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၆ ရက်နေ့က Borochi ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: A Linn Young

အဲဒီနောက် လူမင်း ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပထမဆုံးပါဝင်ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ထက်ထက်ထွန်းက ပြောပါတယ်။

‘’ အန်ကယ်လေးနဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်တာက ပထမဆုံးအကြိမ်ပါပဲ။ အန်ကယ်လေးကိုယ်တိုင်ကလည်း ကတဲ့အခန်းတွေဆိုရင် သေသေချာချာလေး သည်းခံပြီးတော့ ရိုက်ပေးတယ်။ ပြီးတော့ သရုပ်ဆောင်အပိုင်း၊ အိုက်တင်တွေမှာဆိုရင်လည်း သေသေချာချာအသေးစိတ် သင်ပေးတယ်။ အန်ကယ်လေးရဲ့ သေချာ သင်ပြမှုတွေက တကယ်ကို အားရပါတယ်’’ လို့ ဆိုပါတယ်။

Photo: Amazing Grace

ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ် တစ်ဦးဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးတွင် National Costume ဆုကို မြန်မာနိုင်ငံအတွက် ယူဆောင်နိုင်ခဲ့သူတစ်ဦး လည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမကို သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ မြင်တွေ့နေရပါပြီ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတဲ့သူတစ်ယောက်ပါ။




ဆက်စပ်အကြောင်းအရာများ


က္က