လူကိုယ်တိုင် တောင်းပန်ဖို့လည်း စိတ်ကူးထားပါတယ်။

အဆိုတော် မနောက " လူပျို" သီချင်းပုံဖော်ရိုက်ကူးထားတာနဲ့ ပတ်သက်ပြီး ရတနာပုံ တက္ကသိုလ်မှာ ကျောင်းသား၊ ကျောင်းသူတွေကို အခုလို တောင်းပန်စကား ဆိုလာပါတယ်။ 

Photo: Ma Naw



အဆိုတော် မနော ကိုယ်တိုင်သီဆိုထားတဲ့ " လူပျို" သီချင်းကတော့ ဇွန်လ ၂၆ ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီ သီချင်း MTV ထဲမှာ ပုံဖော်ထားတဲ့ သရုပ်ဆောင်မှုတွေအပေါ် ရတနာပုံတက္ကသိုလ်မှကျောင်းသား၊ ကျောင်းသူများစွာတို့က ကျောင်းသူ ကျောင်းသားတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့တာကြောင့် အဆီုတော် မနောအနေနဲ့ မီဒီယာကနေ ပြန်တောင်းပန်ပေးဖို့ ကျောင်းသားတွေအနေနဲ့ ဇွန်လ(၁)ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောခဲ့ပါတယ်။ ဒါကြောင့် အဆိုတော် မနော ကိုယ်တိုင်က အခုလို တောင်းပန်စကားဆိုခဲ့ပါတယ်။ 

" လူပျို သီချင်း MTV နှင့် ပတ်သတ်ပြီး ကျွန်တော် တောင်းပန်ပါ့မယ်ခင်ဗျာ။ အခုလို လမ်းအမှန်ကိုထောက်ပြပေးတဲ့ ညီလေး ညီမလေးများကို ကျေးဇူးတင်ပါတယ်။ ဒီလူပျိုသီချင်းလေးဟာ ကြည့်ရှု့သူများ ပျော်ရွှင်စေချင် ရယ်မောစေချင်တဲ့ ဆန္ဒတစ်ခုတည်းနှင့်သာ ပုံဖော်ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေအောင် ရည်ရွယ်ပြီး မပြုလုပ်ခဲ့ပါ ရတနာပုံ တက္ကသိုလ်ကြီးနှင့် ကျောင်းသား ကျောင်းသူလေးများ ဆရာ ဆရာမများအားလုံး ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့လျှင်အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ" ဆိုပြီးတော့ ဇူလိုင် (၂) ရက် နေ့လယ် ၁၂ နာရီကျော်က သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Ma Naw

မနောဟာ " လူပျို" သီချင်း MTV ထဲမှာ သရုပ်ဆောင် အိချောပိုနဲ့ အတူတွဲဖက်သရုပ်ဆောင်ထားတာပါ။ "လူပျို" MTV အတွက် ပြန်လည်တောင်းပန်လာတဲ့ အဆိုတော်မနောကလည်း သူ့ရဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပြခဲ့ပါတယ်။ 

" အနုပညာအလုပ်ကိုလုပ်သူ (သို့)ထင်ပေါ်ကျော်ကြားသူတစ်ဦးဟာ အရာရာသတိထားရပါမယ်။ မိမိကြောင့် လူငယ်လူရွယ်လေးများ မသိအမြင်မမှားစေချင်သော ဆန္ဒ အတုမြင် အတတ်သင် မပြုစေချင်သောဆန္ဒ နှင့် ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ၏ ဂုဏ်သိက္ခာကို မထိခိုက်စေလိုသော ဆန္ဒ၊ ကျွန်တော် ကိုးကွယ် ဆည်းကပ်သောဆရာတော်များ မိဘ ညီအစ်ကို မောင်နှမ ဆရာ ဆရာမများ မိတ်ဆွေများနှင့် သူငယ်ချင်းကောင်းများအစုံစုံကို လေးစားတန်ဖိုးထားခြင်း ဆုံးမသွန်သင်မှုညံ့သည်ဟု အထင်ခံရ၍ ထိုသူများ၏ ဂုဏ်သိက္ခာကိုကျနော်ကြောင့်မထိခိုက်စေလိုပါ။ကျွန်တော့် ရဲ့ တေးချစ်သူ ပရိသတ်များ စိတ်သောက မရောက်စေချင်ပါ။ ကျွန်တော့်ကိုချစ်သူခင်သူများက ထိုသူများကိုဆဲ ထိုသူများဘက်မှ ပြန်ဆဲနဲ့ ကျွန်တော်က ထိုသူတွေကို အကုသိုလ် ပေးနေရာရောက်ပါတယ်ခင်ဗျာ၊ ကျွန်တော့် မှာ နေ့စဉ် ရဟန်းသံဃာများကို ဝေယျာဝစ္စပြုလုပ်ပြီး ဆွမ်းခံရင်း လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို မေတ္တာပို့ပါတယ် မိသားစုနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းရင်း လူဘဝအချိန်တွေကို တန်ဖိုးရှိစွာနေထိုင်သွားရမှာဖြစ်ပါတယ် " ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါတယ်။ 

Photo: Ma Naw

မနောဟာ သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ပေ့ချ်ကနေတဆင့် တောင်းပန်ထားပေမယ့် ကျေနပ်မှု မရှိပါက လူကိုယ်တိုင် လာရောက် တောင်းပန်ဖို့ စိတ်ကူးထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း အဆိုတော် မနောဟာ မန္တလေးသို့ ရောက်ရှိနေတယ်လို့ Duwun ကို ပြောပါတယ်။ တောင်းပန်ဖို့ ကိစ္စတွေ ဆောင်ရွက်နေရတာ ကြောင့် အသေးစိတ်ကို ဖြေကြားပေးဖို့ အဆင်မပြေသေးကြောင်း သူက ဆိုပါတယ်။ 

" ဒါကြောင့် ကျွန်တော့်ရဲ့အမှားကို ပြုပြင်ပေးသည့် ညီလေး၊ ညီမလေးများ ကျေနပ်သည်အထိတောင်းပန်ပါ့မယ်။ ဒီကျွန်တော့် ရဲ့ မနော Manaaw Like Page မှတောင်းပန်တာ အားရကျေနပ်မှုမရှိသေးလျှင် ကိုယ်တိုင်လာရောက်တောင်းပန်ဆိုလည်း ကျွန်တော် တောင်းပန်ပါ့မယ်ခင်ဗျား။ အားလုံးသာယာချမ်းမြေ့ပါစေ။ မနော" လို့ သူကဆိုပါတယ်။ 

Photo: Ma Naw

မနောကိုတော့ ပရိသတ်တွေက ‘’မိချောရေ’’၊ ‘’ဗိုလ်အောင်ဒင်’’ သီချင်းတွေကနေတဆင့် ပရိသတ်စတင်သိရှိခဲ့တာပါ။ ဒီသီချင်းတွေကလည်း ကလေးတိုင်းသာမက၊ လူကြီး၊ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာပါ ရေပန်းစားခဲ့တဲ့ သီချင်းပါ။ သူ သီဆိုထားတဲ့ ‘’မိချောရေ’’ သီချင်းကလည်း သင်္ကြန်ရောက်ပြီဆိုရင် မဖြစ်မနေ ဖွင့်ရတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်လို့နေပါပြီ။ မနော( Ma Naw)ဟာ မြန်မာသံစဉ်တေးသီချင်းတွေကို မြူးမြူးကြွကြွ သီဆိုလေ့ရှိတဲ့ အဆိုတော်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က