မသင်ပေးထားပဲနဲ့ အလိုလိုတတ်တယ်။
Sabal Thwin

Ivy လေးကတော့ လူချစ်လူခင်ပေါအောင် နေတတ်တဲ့ ကလေးလေးပါလို့ အေသင်ချိုဆွေက ပြောပါတယ်။ သမီးလေးဟာ သီချင်းနားထောင်ရတာကိုလည်း ဝါသနာပါလွန်းလှပါတယ်တဲ့။

Photo: Athen Cho Swe

အေသင်ချိုဆွေကတော့ အရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းလှတဲ့ သမီးလေး Ivy အကြောင်းကို ရွှန်းရွှန်းဝေအောင်ပြောပြလာပါတယ်။ Ivy လေးဟာ အရမ်းကို လိမ္မာတဲ့ ကလေးတစ်ယောက်ဖြစ်တယ်လို့ မီဒီယာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ သူ့ရဲ့ ဆက်ဆံရေးကတော့ ပြောစရာမလိုအောင်ပါပဲ။ ရောက်တဲ့နေရာမှာ လူချစ်အောင်၊ ခင်အောင်နေတတ်တယ်။ ဂျီကျတာတွေ ဘာတွေလည်း မရှိဘူး။ သူ့ကို တော်တော်များများက ချစ်ကြတယ်။ ကျောင်းမှာဆိုရင်လည်း ကျောင်းစတတ်ကတည်းက သူမငိုဘူး။ နည်းနည်းတော့ ပြောစကားနားမထောင်ဘူးလို့တော့ပြောတယ်။ ဒါပေမယ့် ငိုတာတွေ၊ ဂျီကျတာတွေတော့ မရှိပါဘူး’’ ဆိုပြီးတော့ သြဂုတ်လ ၁၈ ရက်နေ့က Monstar Cheese ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Athen Cho Swe

Ivy လေးဟာ သီချင်း နားထောင်ရတာကို ဝါသနာအလွန်ကြီးတယ်လို့ မေမေ အေသင်က ပြောပြခဲ့ပြန်ပါသေးတယ်။ အရမ်းကို လည်လွန်း တတ်လွန်းသူလေးဖြစ်တာကြောင့်လည်း တစ်အိမ်လုံး ရဲ့ အသည်းကျော်ဖြစ်နေတာပါတဲ့။

‘’သီချင်းကတော့ သူက ဘယ်သီချင်းမဆို ကြိုက်တယ်။ ကိုသြရသ အိမ်လာလည်ရင်လည်း ဂစ်တာယူပြီးတော့ တီးခိုင်းတယ်။ သူက Music ကိုတော့ တော်တော်ခံစားတဲ့အထဲမှာပါတယ်။ သူက သူ့အဘွားနဲ့နေတာအရမ်းများတော့ အဘွားရဲ့ အမူအကျင့်တွေပေါ့နော် တော်တော်များများက။ သူ့အဖွားကတော့ မသင်ပေးဘူးပြောတယ်။ သူ့ဘာသာသူကိုယ် တတ်နေတာပေါ့နော်’’လို့ သူကဆိုပါတယ်။

Photo: Athen Cho Swe

အေသင်က လက်ရှိမှာ ဂီတအလုပ်တွေလည်း လုပ်နေရတာဖြစ်သလို သမီးလေးကိုလည်း အဖေလိုရော၊ အမေလိုပါ ပြုစု စောင့်ရှောက်နေရသူပါ။ စိတ်ပင်ပန်းစရာ၊ လူပင်ပန်းစရာတွေရှိပေမယ့်လည်း သမီးလေးကြောင့် အမောပြေရပါတယ်တဲ့။

‘’ Single Mother တစ်ယောက်အနေနဲ့ သူ့ကို ကိုယ်ဝန်စလွယ်ကတည်းက ဆုံးဖြတ်ထားပြီးတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် အရမ်းတော့ မပင်ပန်းပါဘူး။ စိတ်တော့ မပင်ပန်းဘူး။ လူကတော့ တစ်ခါတလေမှာ အလုပ်ကိစ္စတွေနဲ့ ပြဿနာတွေနဲ့ဆိုတော့ နည်းနည်းတော့ ပင်ပန်းတာပေါ့နော်။ သူနဲ့ အတူတူနေရတဲ့အချိန်တွေ Ivy လေးနဲ့ အချိန်ဖြုန်းလိုက်ရင်တော့ စိတ်က ပြေသွားရော။ ဘဝဆိုတာ အခက်အခဲတွေကတော့ အများကြီးပါပဲ’’ လို့ သူကဆိုပါတယ်။

Photo: Athen Cho Swe

အေသင်ချိုဆွေကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က