လူစုလူဝေးမဖြစ်ရလေအောင် အခုလို စီစဉ်လိုက်တာပါလို့ ဦးအေးကြူလေးက ပြောပါတယ်။
Sabal Thwin

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများအနေနဲ့ စက်မှုအလွှာအဖွဲ့သားတွေအတွက် အိမ်တိုင်ရာရောက် စားနပ်ရိက္ခာနဲ့ ငွေကြေးတချို့ကို ပေးအပ်လှူဒါန်းသွားမယ်လို့ ဒုဥက္ကဌ ဦးအေးကြူလေးက ပြောပါတယ်။ 

Photo: U Aye Kyu Lay

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ COVID-19 ကာလမှာ စားနပ်ရိက္ခာအခက်အခဲကြုံနေရတဲ့ အနုပညာလောကသားတွေအတွက် အလှူအတန်းတွေ ပြုလုပ်ပေးနေတယ်လို့ ဒု ဥက္ကဌ ဦးအေးကြူလေးက Duwun Media ကို ပြောပြလာပါတယ်။ မေလ (၁၉) ရက်နေ့မှာတော့ စက်မှုအလွှာ အဖွဲ့သားတွေကို အိမ်တိုင်ရာရောက် စားနပ်ရိက္ခာတွေ လှူဒါန်းသွားမယ်လို့ သူက ဆိုပါတယ်။ 

“ အိမ်တိုင်ရာရောက် လိုက်လှူမှာက စက်မှု အဖွဲ့တစ်ဖွဲ့တည်းပါပဲ။ အလှူကတော့ လုပ်နေကြပါပဲ။ ဒါပေမယ့် ဒါက COVID-19 ကာလမှာ ဒုတိယအကြိမ်ပါ။ အခုလို အဆင်မပြေဖြစ်ကြတဲ့ ကာလမှာ ဒီလို ထောက်ပံ့မှုလေးတွေကြောင့် နည်းနည်း သက်သာသွားအောင် လှူရခြင်းဖြစ်ပါတယ်။ ကျန်တဲ့ အလွှာတွေကိုတော့ ရုပ်ရှင်အစည်းအရုံးမှာပဲ လုပ်သွားမှာပါ။ အမှတ်စဉ်အလိုက်ပေါ့ အချိန်တွေလည်း ခွဲထားတယ်။ ဘာကြောင့်လည်းဆိုတော့ လူစုလူဝေး ဖြစ်မှာလည်း ဆိုးလို့ အခုလို လုပ်ရတာပါ” လို့ သူကဆိုပါတယ်။ 

Photo: U Aye Kyu Lay

ရုပ်ရှင်လောကသားတွေကို ဒုတိယအကြိမ်မြောက် ဆန်၊ ဆီ နဲ့ ပဲဝေငှခြင်း အစီအစဉ်မှာတော့ မေလ (၂၀) ရက် နဲ့ မေလ(၂၁) ရက်နေ့တွေမှာ မနက်(၉) နာရီမှာ ညနေ(၄) နာရီ အထိ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်များကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာပဲ ဆန်၊ ဆီနဲ့ ပဲတွေ ဝေငှသွားမယ်လို့ သိရပါတယ်။ မေလ (၂၂) ရက်နေ့ မနက် (၉) နာရီမှ နေ့လည်(၁၂) နာရီ အထိကိုတော့ အုပ်ချုပ်၊ ဖြန့်ချိ၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ စတဲ့ အလွှာအသီးသီးကို ဆန်၊ ဆီနဲ့ ပဲတွေ ဝေငှသွားမှာဖြစ်ပြီး မေလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီမှ ညနေ (၄) နာရီ အထိကိုတော့ တည်းဖြတ်၊ ဗီဒီယို၊ အဓိက သရုပ်ဆောင်၊ ပြဇာတ်နှင့် နောက်ခံတေးဂီ တ အလွှာ တွေကို ဆန်၊ ဆီနဲ့ ပဲတွေ ဝေငှသွားမှာဖြစ်တယ်လို့ ဦးအေးကြူလေးက ပြောပါတယ်။ စားနပ်ရိက္ခာတွေ အပြင် CB-KMA Foundation မှ တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ထည့်ဝင် လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။ 

Photo: U Aye Kyu Lay

အနုပညာလောကသား အချင်းချင်း စားနပ်ရိက္ခာ ဝေမျှပေးတဲ့ အပေါ်မှာလည်း ဝမ်းသာပီတိဖြစ်ရတယ်လို့ ဦးအေးကြူလေးက ပြောပါတယ်။ 

“ အခုက တစ်ကမ္ဘာလုံး ဖြစ်နေတာ ဆိုတော့ ကိုယ့်လည်းဖြစ်သလို ကိုယ့်လူတွေလည်း အကုန်လုံး ဒုက္ခရောက်နေတဲ့ အချိန်မှာ အထောက်အကူရအောင်ဆိုပြီးတော့ အလှူအတန်းတွေ လုပ်တယ်။ သူတို့တွေ လိုအပ်တဲ့ဟာ တစ်ခုခုကို ဖြည့်ဆည်းပေးလိုက်နိုင်သလို အဆင်ပြေသွားတော့လည်း ကိုယ်တွေ ဝမ်းသာရပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: U Aye Kyu Lay

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိလူကြီးမင်းများဟာ မေလ(၄) ရက်နေ့နဲ့ မေလ(၅) ရက်နေ့တွေ တုန်းကလည်း စားနပ်ရိက္ခာ အခက်အခဲ ကြုံနေရတဲ့ ရုပ်ရှင်လောကသားတွေအတွက် ပထမအကြိမ် ဆန်၊ ဆီ များကို ဝေငှ လှူဒါန်းခဲ့တယ်လို့ ဦးအေးကြူလေးက ဆိုပါတယ်။ သူဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးရဲ့ (ပ) ဒု-ဥက္ကဌ ရာထူးကို တာဝန်ယူဆောင်ရွက်နေသူ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က