ကျေးဇူးကန်းတဲ့သူတွေ အများကြီးရှိတယ်။

ဒိန်းဒေါင်ကတော့ အကူအညီပေးလိုက်တဲ့ သူတွေထဲမှာ ကျေးဇူးသိတဲ့သူထက် ကျေးဇူးမသိတဲ့ သူတွေက ပိုများတယ်လို့ ဆိုပါတယ်။ 

Photo: Dain Daung



ဒိန်းဒေါင်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ဖြစ်သလို မိဘဆရာတွေအပေါ်မှာလည်း ကျေးဇူးသိတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် ကူညီပေးခဲ့ဖူးတဲ့ လူတွေထဲမှာတော့ သူ့အပေါ်ကို ကျေးဇူးပြန်သိတတ်တဲ့လူဟာ ရှားတယ်ဆိုတာကို Duwun ကနေ ပြောပြလာပါတယ်။ 

“ ကိုယ်က ကျေးဇူးတင်ထိုက်တဲ့ သူတွေကို ကျေးဇူးတင်ပေမယ့်၊ ကျေးဇူးဆိုတာကို သိတတ်ပေမယ့် ကိုယ့်ကျေးဇူးကို မသိတတ်တဲ့သူတွေနဲ့ ကိုယ်က ကြုံဖူးတယ်။ ဒါကို ဝဋ်ကြွေးလို့ပဲ ကျွန်တော်က သတ်မှတ်တယ်။ အကျိုးလည်း ပြန်မခံစားရဘူးပေါ့။ ကိုယ်က ကူညီလိုက်ကတည်းက အကျိုးပြန်ခံစားရဖို့ကို မျှော်လင့်တာ မဟုတ်ဘူး။ ကျေးဇူးသိတတ်ဖို့ပဲ လိုတယ်။ ကျေးဇူးမမေ့တဲ့ လူတွေလည်း ကြုံရပါတယ်။ ဒါပေမယ့် ကျေးဇူးကန်းတဲ့ လူတွေကို ပိုပြီးတော့ များများ ကြုံရတယ်။ စကားပုံတွေရှိခဲ့တာ အရမ်းမှန်တယ်။ အနီးကပ်ရန်သူပေါ့လေ။ ကပ်ပြီးတော့ ထိုးသွားတဲ့ ဓားတွေ အမြဲကြုံတွေ့ခဲ့ရတယ်။ ကျွန်တော့်ဘဝမှာ လူတွေ အကုန်လုံးကို မယုံသင့်ဘူးဆိုတာတွေ ကြုံတွေ့ခဲ့ရတယ်” လို့ ဆိုပါတယ်။ 

Photo: Dain Daung

ဒိန်းဒေါင် အနေနဲ့ အခုဆိုရင် ပိုက်ဆံကိစ္စ အကူအညီပေးဖို့တောင် အဆင်မပြေဘူးလို့ ဆိုပါတယ်။ ပိုက်ဆံချေးဖို့ထက် တောင်းရင် ပေးလိုက်တာက ပိုကောင်းတယ် ဆိုပြီးတော့ သူ့ရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။ 

“ အခုဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် ပိုက်ဆံ ဘယ်သူ့ကိုမှ မချေးဘူး။ တတ်နိုင်ရင် ပေးလိုက်တော့တယ်။ ရစရာရှိတာတွေ အများကြီးပဲ။ တချို့ဆိုရင် သူများကို ဆပ်ရတဲ့ အတိုးတွေ တစ်လ တစ်လကို ဒီလောက် ဒီလောက် ဆပ်နေရလို့ အစ်ကို့ဆီက ဆိုရင် အသက်ရှုချောင်သွားမယ်။ ကလေးမုန့်ဖိုးလေးဖြစ်ဖြစ် ကျွန်တော် လှမ်းလွှဲပေးပါ့မယ်။ ဒါတော့ ယူထားပါဆိုပြီးတော့ ဒါဆိုလည်း ဟုတ်ပြီ ဘာစာရွက်စာတမ်းမှ မပေးနဲ့လက်မှတ်လဲ မထိုးနဲ့ ဆိုပြီးပြောပေမယ့် အိမ်ဂရမ်တော့ လွှဲပေးပါ့မယ်လို့လည်းပြောတယ်။ အခုချိန်ထိလည်း ရောက်မလာဘူး။ အရင်းရော၊ အတိုးရောလည်း တပြားမှ မပေးဘူး။ အဲဒီလို ပုံစံတွေလည်း တစ်ပုံကြီးရှိတယ်" လို့ ဆိုပါတယ်။ 

Photo: Dain Daung

ဒိန်းဒေါင်ကတော့ အခုလက်ရှိမှာ ကိုယ်ပိုင်ဇာတ်သဘင် တည်ထောင်ထားတာပေမယ့် Covid ကာလကြောင့် နယ်လှည့်ဖျော်ဖြေရေးတွေ ရပ်နာထားတယ်လို့ သိရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒိန်းဒေါင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူ ခင်လှိုင်နဲ့ TV Program တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က