ကျောက်ကပ်တွေ၊ နှလုံးတွေ အလုပ်မလုပ်တော့ပါဘူးတဲ့။

ဇနီးဖြစ်သူက ရေနွေးပူလောင်းခဲ့တဲ့ ဒဏ်ရာတွေကြောင့် လနဲ့ချီ ဆေးကုသမှု ခံယူခဲ့ရတဲ့ လူရွှင်တော် ကိုတော့ပ်ဟာ ဒီနေ့(သြဂုတ်လ ၂၂ရက်) မှာကွယ်လွန်သွားခဲ့ပါပြီ။ 

Photo: အားသစ်



ရေနွေးပူလောင်ထားတဲ့ ဒဏ်ရာတွေကြောင့် ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော် ကိုတော့ပ် ကတော့ ဒီနေ့ (သြဂုတ်လ ၂၂ရက်) မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ မကွယ်လွန်ခင်တုန်းက ကျန်းမာရေး အခြေအနေကိုတော့ မြန်မာ့စိတ်ရင်း ပရဟိတအဖွဲ့ရဲ့ ဒုဥက္ကဌ ကိုမိုးမာန်( တော်ဝင်ရွှေမောင်နှမ သဘင်) က Duwun ကနေ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောပြလာပါတယ်။  

“ လူရွှင်တော် ကိုတော့ပ်ကတော့ ဒီနေ့ မနက်(၁၀) နာရီကျော်က ကုတင်(၅၀၀) ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာပါ။ ဖြစ်စအစတုန်းက သူ့ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတွေ့တွေ့ချင်း ကူညီပေးခဲ့ပါတယ်။ သူက ရန်ကုန်ဆေးရုံကြီးကနေ ကုတင်(၅၀၀)ကို ပြောင်းသွားခဲ့တယ်။ ပြောင်းတဲ့ အချိန်တုန်းက သူကိုယ်တိုင် ဖုန်းတစ်ခေါက်ဆက်တယ် နည်းနည်းသက်သာလာပြီပေါ့။ နောက်တော့မှ လွန်ခဲ့တဲ့ တပတ်လောက်က ပြန်ဆက်သွယ်လာပြီး လ တော်တော်ကြာတဲ့အထိ သူ့ရဲ့ဝေဒနာမသက်သာဘူးတဲ့။ ကျောက်ကပ်တွေလည်း မကောင်းတော့ဘူး၊ နှလုံးကလည်း အလုပ်မလုပ်တော့ဘူးလို့ မိသားစုဝင်တစ်ဦးက ဖုန်းဆက်လာရင်းနဲ့ ပြန်ဆက်သွယ်မိတာပါ” လို့ သူက ဆိုပါတယ်။ 



လူရွှင်တော် ကိုတော့ပ်ရဲ့ ဈာပနကိစ္စတွေကိုလည်း ကိုမိုးမာန်က အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ လူရွှင်တော် ကိုတော့ပ်ရဲ့ Death Body ကို သူနေထိုင်တဲ့ မြို့ဆီသို့ မိသားစုဝင်များက ပြန်သယ်သွားကြတယ်လို့ ကိုမိုးမာန်က ပြောပါတယ်။ 

 “ ဒီနေ့ မနက်ပိုင်း ဖုန်းဝင်လာတော့ လူရွှင်တော် ကိုတော့ပ်ကွယ်လွန်သွားပြီပေါ့။ သူ့ရဲ့ Death Body ကို နယ်ကိုပြန်သယ်သွားချင်တယ်လို့ မိသားစုဝင်တွေက တောင်းဆိုလာတဲ့ အတွက် Death Body သယ်တဲ့ အဖွဲ့တစ်ခုနဲ့ ချိတ်ပေးလိုက်ပါတယ်။ သြဂုတ်လ (၂၄) ရက်နေ့မှာတော့ မီးသဂြိုဟ်မှာပါ။ သူ့ရဲ့ ဇနီးကိုလည်း လက်ရှိမှာ တရားစွဲဆိုထားတုန်းပါပဲ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: အားသစ်

လူရွှင်တော် ကိုတော့ပ် ကျန်းမာရေးမကောင်းဖြစ်ခဲ့စဉ်က အကယ်ဒမီများရှင် သရုပ်ဆောင် ရန်အောင်ကလည်း ကျန်းမာရေးထောက်ပံ့ငွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ကိုတော့ပ်ဟာ နိုင်ငံကျော်လူရွှင်တော်ကြီး ဦးမော့စ် နဲ့ ရုပ်ချင်းလည်းဆင်တူသလို နှုတ်ခမ်းမွှေးထားပုံကအစ ဆင်တူတာ ဖြစ်တဲ့ အတွက် ပရိသတ်တွေက ပိုပြီးတော့ သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ သူ့အနေနဲ့ Covid ကာလကြောင့် အလုပ်တွေ မလုပ်ရတော့တဲ့ အချိန်မှာ ဇနီးဖြစ်သူက ရေနွေးပူနဲ့ လောင်းခဲ့တာကြောင့် အရေးပေါ် ဆေးရုံတင်ခဲ့ရသူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က