အောက်တိုဘာလ အတွင်းမှာ စတင်ရိုက်ကူးတော့မှာပါ။
Sabal Thwin

‘’မြ’’ ရုပ်ရှင်ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေအကြောင်းကို ဖြိုးမြတ်အောင် နဲ့ Dee Dee Burmese တို့က ပြောပြလာပါတယ်။

ဖြိုးမြတ်အောင် နဲ့ Dee Dee Burmese တို့ဟာ ‘’မြ’’ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဖြိုးမြတ်အောင်က Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ဒီဇာတ်ကားက ကျွန်တော့်တို့ အတွက် ပေါ့ပေါ့ပါးပါး ပါပဲ။ ဒါပေမယ့် အရမ်းမိုက်နေတယ်။ ဒါပေမယ့် အထူးအားဖြင့်တော့ ကျွန်တော်က မင်းသမီးတွေကို ဖက်ရပြုရတာ အဆင်မပြေဘူး။ ဒါကြောင့်လည်း ဇာတ်ကားတွေ လာကမ်းလှမ်းရင် မရိုက်ဖြစ်တာများတယ်။ ဒီဇာတ်ကားမှာတော့ အဆင်ပြေတာက မင်းသမီးနဲ့ ကျွန်တော်နဲ့ ဆုံတဲ့ အခန်း တစ်ခန်းမှ မပါဘူး’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ‘’မြ’’ရုပ်ရှင်ဇာတ်ကားအတွက် အစည်းအဝေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

အဲဒီနောက် Dee Dee Burmese ကလည်း ပထမဆုံး ပါဝင်သရုပ်ဆောင်မယ့် ရုပ်ရှင်ဇာတ်ကားအတွက် ရင်ခုန်နေတယ်လို့ ဆိုပါတယ်။ ‘’မြ’’ ဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်တဲ့အကြောင်းကိုလည်း သူက ပြောပြလာပါတယ်။

‘’ ဒီဇာတ်ကားရိုက်တာက ကျွန်တော့်အတွက် ပထမဆုံးရုပ်ရှင်ပေါ့နော်။ ကျွန်တော်က သြစတေးလျ ရောက်နေတဲ့အချိန်မှာ ဆရာညိုမင်းလွင်က ဖုန်းနဲ့ လှမ်းပြောတာ။ သူပြောတာ ကြက်သီးတောင်ထတယ်။ ဖုန်းနဲ့ပြောတာတောင် ဇာတ်ကားက အဲဒီလောက် ကောင်းတယ်ပေါ့နော်။ အဲဒီလိုနဲ့ ဇာတ်ညွှန်းကို ဖတ်ကြည့်လိုက်တဲ့အချိန်မှာလည်း အရမ်းကောင်းတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ အပြင်က ကာရိုက်တာအတိုင်းနဲ့လည်း ကွက်တိ သွားကြတယ်’’ လို့ သူကဆိုပါတယ်။

‘’မြ’’ ရုပ်ရှင်ဇာတ်ကားထဲမှာ ဖြိုးမြတ်အောင်၊ Dee Dee Burmese တို့ နဲ့ အတူ သင်ဇာဝင့်ကျော်ကလည်း ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က သင်ဇာဝင့်ကျော်အပေါ် ထားတဲ့ သဘောထားတွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’ တစ်ခါတလေကျရင် သူ့ စိတ်ဓာတ် ကြံ့ခိုင်တယ်ပေါ့နော်။ သူ့ကိုဆိုရင် အပြင်မှာ ဝေဖန်တယ်၊ တိုက်ခိုက်တယ်။ ကျွန်တော် တိုက်ခိုက်ခံရတဲ့ အချိန်မျိုးတွေမှာ သူ့ဆီက လေးစားအားကျ အတုယူရတာမျိုးတွေရှိတယ်။ လောလောဆယ်မှာတော့ ဒီဇာတ်ကားထဲက ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ကြည့်ဖတ်တယ်။ ပြီးတော့ ဒီဇာတ်ကားထဲကအတိုင်း သုတ ဆိုလည်းသုတ ကာရိုက်တာ ဝင်အောင် ပြင်ဆင်ကြတယ်။ အဲဒီ ကာရိုက်တာလိုဖြစ်အောင် နေထိုင်တယ်’’ လို့ ဆိုပါတယ်။

‘’မြ’’ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ သုတ ဆိုတဲ့ ဇာတ်ကောင်အဖြစ် ဖြိုးမြတ်အောင်က ပါဝင်သွားမှာပါ။ ရဲလွင် ဆိုတဲ့ ဇာတ်ကောင်နေရာမှာတော့ Dee Dee Burmese က ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲကိုတော့ ဒါရိုက်တာ ညိုမင်းလွင်က ကိုယ်တိုင်ထုတ်လုပ်သူ၊ ကိုယ်တိုင် ဒါရိုက်တာအဖြစ် အောက်တိုဘာလ အတွင်းမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဖြိုးမြတ်အောင်ကတော့ လက်ရှိ ဂီတ လောကမှာ အောင်မြင်လာပြီဖြစ်တဲ့ အဆိုတော် တစ်ယောက်ပါ။ Dee Dee Burmese ကတော့ စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်တဲ့ Vlog လေးတွေကို တင်ဆက်ပေးလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က