စက်တင်ဘာလ ၈ ရက်နေ့မှာ နောက်ဆုံးရွေးချယ်လိုက်တာပါ။
Sabal Thwin

‘’မြ’’ ရုပ်ရှင်ဇာတ်ကားထဲမှာ မိန်းကလေး မြမြ ကို မုဒိမ်းကျင့်မယ့် သရုပ်ဆောင်သစ် ၃ ယောက်ကိုတော့ ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။ နောက်ဆုံးဆန်ခါတင် လူအယောက် ၃၀ ထဲကနေ ၃ ယောက်ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။

ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးမယ့် ‘’မြ’’ ရုပ်ရှင်ဇာတ်ကားအတွက် မုဒိမ်းသမား ၃ ယောက်နေရမှာ သရုပ်ဆောင်မယ့် သရုပ်ဆောင် အသစ်တွေကိုတော့ ဒီနေ့မှာပဲ ရွေးထုတ်လိုက်ပြီဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်ဆောင်သွားမယ့် အရာတွေကို ညိုမင်းလွင်က မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ ဒီနေ့ အတွက်ကတော့ ကျေနပ်ပါတယ်။ လူအယောက် ရာကျော် လာလျှောက်ကြတယ်။ ဒီနေ့က ဆန်ခါတင်အယောက် ၃၀ ထဲကနေ ၃ ယောက် ရွေးခဲ့တာပါ။ လူအဟောင်းတွေကိုရရင်လည်း ကျွန်တော်တို့ လုပ်ထားတာတွေကို ဆင်ဆာဖြတ်မှာလား၊ ဘာလားဆိုတဲ့ အဲဒီမေးခွန်းတွေကို အများကြီးရှင်းပြတာထက်စာရင် အသစ် အသစ်တွေကို သင်လိုက်ရတာ ပိုကောင်းပါတယ်’’ လို့ သူကဆိုပါတယ်။

‘’မြ’’ ဇာတ်ကားမှာ အဓိက သရုပ်ဆောင်တစ်ယောက်ဖြစ်လာမယ့် သင်ဇာဝင့်ကျော်ကလည်း မြမြ ကာရိုက်တာကို ကိုယ်တိုင်စိတ်ဝင်စားလို့လည်း ရိုက်ကူးဖို့ လက်ခံလိုက်တယ်ဆိုတာကို စက်တင်ဘာလ ၈ ရက်နေ့က မုဒိမ်းကာရိုက်တာအတွက် လူရွေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ မြမြ ကိစ္စဖြစ်ပြီးတော့ ကိုညိုက ဒီဇာတ်ကားကို ရုပ်ရှင်ရိုက်မယ်လို့ ကြေညာပြီးကတည်းက သင်ဇာ့ကို ဆက်သွယ်လာတယ်။ မြမြ ကာရိုက်တာကို သူ စဉ်းစားလိုက်တဲ့အချိန်မှာ သင်ဇာ့ကို ပဲ မြင်တယ်တဲ့။ သင်ဇာနဲ့ပဲ ရိုက်ချင်တယ်လို့ ပြောတာနဲ့ ကိုယ်ကိုယ်တိုင်ကလည်း စိတ်ဝင်စားခဲ့တယ်ပေါ့နော်။ မြမြအကြောင်းအပြင် ကိုညို စိတ်ကူးထားတာလေးနဲ့ပေါင်းပြီးတော့ရိုက်မှာ’’ လို့ ဆိုပါတယ်။

‘’မြ’’ ဇာတ်ကားအတွက် မုဒိမ်းကောင် ၃ ယောက်အဖြစ်ပါဝင်လာမယ့် သရုပ်ဆောင် အသစ်တွေကတော့ ရခိုင်ပြည်နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုလင်းနေ ၊ မန္တလေးမြို့ကနေ လာရောက်ယှဉ်ပြိုင်တဲ့ ကိုမျိုးလှိုင်ဝင်းနဲ့ ကချင်ပြည်နယ်ကနေ လာရောက်ယှဉ်ပြိုင်တဲ့ ကိုစိုင်း တို့ရဲ့ ရင်ခုန်သံစကားကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

‘’ဒီသရုပ်ဆောင်ရွေးပွဲမှာ ပါသွားတဲ့အတွက် ကျွန်တော်တို့ရဲ့ အိပ်မက်ဖြစ်ခွင့်ရဖို့ အခွင့်အရေးတစ်ခုပေါ့နော်’’ လို့ ဆိုပါတယ်။ အဲဒီနောက် ကိုမျိုးလှိုင်ဝင်းကလည်း ‘’ ကျွန်တော်ကတော့ ပျော်ပါတယ်။ သင်ဇာဝင့်ကျော်ကို တကယ်ထိတွေ့ခွင့်ရတော့မှာဆိုတော့ ပျော်ပါတယ်’’လို့ သူကပြောပါတယ်။ နောက်ထပ်ပါဝင်လာတဲ့ ကိုစိုင်းကလည်း ‘’ ကျွန်တော်က ကချင်ပြည်နယ်က လာပြိုင်တာပါ။ ဒီဇာတ်ကားအတွက်တော့ အဝင်းပြောသလို စိတ်ခုန်ပါတယ်’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

‘’မြ’’ရုပ်ရှင်ဇာတ်ကားကြီးကိုတောာ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ အတွင်းမှာရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာတော့ မုဒိမ်းကောင် ၃ ယောက်အပြင် နောက်ထပ် သရုပ်ဆောင် ၂ ယောက်လည်း ထပ်မံပါဝင်လာဦးမယ်လို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။ ဒီဇာတ်ကားကိုတော့ မြမြ ဆိုတဲ့ မိန်းကလေးလို့ လူသိခဲ့တဲ့ တောင်ဒဂုံစက်မှုဇုံမှာပဲ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က