အားလုံး ပြင်ဆင်ထားပြီးမှ မရိုက်ဖြစ်တော့တာပါ။

ရဲတိုက်ဟာ ‘’မြ’’ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဖို့ ပြင်ဆင်ပြီးခါမှ ရိုက်ကူးခွင့်မရလို့ စိတ်မကောင်းဖြစ်တယ်လို့ဆိုပါတယ်။ နောက်ထပ် ကမ်းလှမ်းလာမယ့်ရုပ်ရှင်ကားတွေကိုလည်း သေချာပြီဆိုမှ ရိုက်ကူးတော့မယ်လို့ ပြောပါတယ်။

Photo: Ye Deight



သရုပ်ဆောင် ရဲတိုက်ကတော့ လက်ရှိနာမည်ကြီးနေတဲ့ ‘’မြ’’ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခွင့်မရတော့တဲ့အကြောင်းကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ရင်ဖွင့်ပြောပြလာပါတယ်။ ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူ၊ ဒါရိုက်တာကတော့ ညိုမင်းလွင်ဖြစ်ပါတယ်။

‘’ ‘မြမြ’ ဇာတ်ကားပါ။ အွန်လိုင်းပေါ်မှာတော့ ကျွန်တော်နဲ့လို့ဆိုပြီးတော့ တပ်ပါတယ်။ ဒါပေမယ့်လို့ မရိုက်ဖြစ်တော့ပါဘူး။ အဲဒီဇာတ်ကားက ကျွန်တော်နဲ့ မရိုက်ဖြစ်တော့တာပေါ့’’ ဆိုပြီးတော့ စက်တင်ဘာလ ၄ ရက်နေ့ညက ‘’တန်ဖိုး’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Ye Deight

ကာရိုက်တာအတွက် လိုအပ်တဲ့အရည်အချင်းတွေပြည့်နေပြီဆိုတဲ့အချိန်ကျမှ ရိုက်ခွင့်မရတော့တာဖြစ်တယ်လို့ ရဲတိုက်က ပြောပါတယ်။

‘’ အခုနောက်ပိုင်းတော့ ရုပ်ရှင်တစ်ကားကို တကယ်ရိုက်မယ် ကျိန်းသေတော့မှပဲ ကြိုးကြိုးစားစားပြင်ဆင်တော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့မှာ တစ်ကားဗျာ။ ကျွန်တော်က ကာရိုက်တာဝင်လို့ အဆင်တောင် တော်တော်ပြေနေပြီ။ မရိုက်ဖြစ်တော့ဘူးဆိုတော့ တော်တော်ကြေကွဲသွားတယ်။ စိတ်မကောင်းတော့ ဖြစ်တာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Ye Deight

ရဲတိုက်ဟာ ထောင်ကနေလွတ်လာပြီးတဲ့ ၂ နှစ်အတွင်းမှာ အနုပညာအလုပ်တွေလုပ်ရင်း ကျန်းမာရေးလည်း ဂရုစိုက်နေရသူဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတွေရွေးချယ်ရိုက်ကူးသွား မယ်ဆိုတာကို Duwun Media အင်တာဗျူးမှာ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

‘’ပရိသတ်တွေ အရင်တုန်းကထက် အများကြီးပိုပြီး ဇာတ်ကားကောင်းတွေကြည့်ရမှာပါ။ အနုပညာသမားတိုင်းက ဘယ်လိုနေရာကနေ တစ်ထောင့် တစ်နေရာက ပါဝင်ပတ်သက်နေရသည်ဖြစ်စေ၊ အလင်းဆုံးကြယ်လေးတွေဖြစ်အောင်တော့ ကြိုးစားနေကြပါတယ်။ ဇာတ်ကားကောင်း တယ်မကောင်းဘူး ကတော့ ပရိသတ်တွေက ခွဲတတ်ပါတယ်။ အခုခေတ်ဖြတ်သန်းပုံနဲ့လည်း ဆိုင်တာပေါ့နော်၊ မီဒီယာလောကက အရင်တုန်းကနဲ့လည်း မတူတော့ဘူး၊ ဖေ့စ်ဘွတ်ပေါ်လာတာ၊ အနုပညာသမားတွေနဲ့ ပရိသတ်တွေရင်ခုန်သံ ထပ်တူကျနိုင်လောက်အောင် ပိုပြီးတော့ နီးစပ်လာတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

photo: မြမြ

ရဲတိုက်ဟာ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ကျနေရာကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေစပြီး အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လာတာပါ။ အခုဆိုရင်တော့ ကျန်းမာရေးလည်း ပြန်လည်ကောင်းမွန်လာပြီလို့ သိရပါတယ်။ လက်ရှိမှာလည်း သူဟာ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က