မအူဝဲကြောင့် မင်းသမီးဖြစ်လာတာပါ။
Sabal Thwin

ပိုင်ဖြိုးသုဟာ အိန္ဒြာကျော်ဇင်ရဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ကြည့်ပြီး အရမ်းကို အားကျခဲ့မိတယ်ဆိုပြီးတော့ ငယ်စဉ်ကတည်းက ဖြစ်ပေါ်လာတဲ့ သူမရဲ့ စိတ်ကူးလေးတွေ ကို ပြောပြခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်ကြောင့်ပဲ သရုပ်ဆောင်အလုပ်လုပ်ခဲ့တာပါတဲ့။

Photo: RBV

ပိုင်ဖြိုးသုကတော့ မကြာခင်ရိုက်ကူးသွားမယ့် ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင် နဲ့ အတူတွဲ သရုပ်ဆောင်ရမယ်လို့ သိရပါတယ်။ အိန္ဒြာကျော်ဇင်ဟာ ပိုင်ဖြိုးသုအတွက်တော့ လေးစားရတဲ့ မင်းသမီးဖြစ်သလို သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ အင်အားပေးခဲ့သူပါဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ အမှန်အတိုင်းပြောရရင် သုသု သရုပ်ဆောင်တစ်ယောက်ဖြစ်လာတာ မအူဝဲကြောင့်လည်းပါတယ်။ မအူဝဲနဲ့ တီခိုင်ကြီးတို့ကို အရမ်းအားကျတယ်။ မအူဝဲရော၊ တီခိုင်ကြီးရောက သုသုကို သရုပ်ဆောင်ဖြစ်ဖို့ တွန်းအားပေးခဲ့တဲ့ မင်းသမီး နှစ်ယောက်ပါပဲ။ သုသုအရမ်းကြိုက်ရတဲ့ မင်းသမီး နှစ်လက်ပါပဲ” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့က “Summary” ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ပြောပြခဲ့တာပါ။ 

Photo: Eaindra Kyaw Zin

ပိုင်ဖြိုးသုဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေမှာလည်း အိန္ဒြာကျော်ဇင်နဲ့ အတူတွဲ သရုပ်မဆောင်ခဲ့ဖူးပါဘူး။ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ပထမဆုံး ရိုက်ကူးမယ့်ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ပထမဆုံးအကြိမ် အတူတွဲရိုက်ခွင့်ရတဲ့ ခံစားချက်ကိုလည်း ပြောပြခဲ့ပါသေးတယ်။

“အခု မအူဝဲနဲ့ ဆုံရပြီဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ရှိန်လည်း ရှိန်တယ်။ Pressure ပိုများတာပေါ့နော်။ ကိုယ်တိုင်လေးစားရတဲ့ အစ်မတစ်ယောက်နဲ့ အလုပ်တွဲလုပ်ရမှာ၊ ကိုယ့်ကြောင့် နှောင့်နှေးတာတွေ အများကြီးဖြစ်မှာ ကြောက်တယ်။ အဲဒါကြောင့် ကိုယ့်ကာရိုက်တာအတွက် အကောင်းဆုံးနဲ့ အပီပြင်ဆုံးဖြစ်အောင် ကြိုးစားရမယ်ဆိုတဲ့ စိတ်တော့ သုသုမှာ ရှိပါတယ်” လို့ ဆိုပါတယ်။

Photo: RBV

အိန္ဒြာကျော်ဇင်ရဲ့ သရုပ်ဆောင်ပုံ၊ သရုပ်ဆောင်နည်းတွေကိုလည်း အရမ်း အားကျခဲ့မိတယ်လို့ ပိုင်ဖြိုးသုက ပြောပါတယ်။ မြင်ဆရာတစ်ယောက်၊ အတွေ့အကြုံတွေ ပေးခဲ့တဲ့ စီနီယာ တစ်ယောက်ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

“ သုသု ငယ်ငယ်ကတည်းက မအူဝဲရုပ်ရှင်တွေကြည့်တယ်။ အဲဒီအချိန်ကတည်းက သရုပ်ဆောင်တယ်ဆိုတာကို ဝါသနာပါမှန်းမသိ ပါလာခဲ့တာပေါ့နော်။ မအူဝဲရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ပြီးတော့ ဒီမင်းသမီးက သရုပ်ဆောင်တာ ကောင်းလိုက်တာ တကယ်ဖြစ်နေသလိုပဲဆိုပြီးတော့ ခံစားခဲ့ရတာပေါ့နော်။ ကိုယ့်ကို အတွေ့အကြုံတွေ ပေးခဲ့တဲ့ စီနီယာကြီးတွေပေါ့” လို့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo: Oakar Lay

ပိုင်ဖြိုးသုကတော့ အနုပညာပျိုးခင်းက စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူမဟာ ဘီလူးမ၊ သရဲမ နဲ့ မိန်းမပျို ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။မကြာသေးခင်က "အဟောင်း" ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် ကျော်ကျော်ဗိုလ်၊ Mary တို့နဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သူမဟာ ဒါရိုက်တာဏကြီးနဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းမှာ မင်္ဂလာဆောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဇနီးမောင်နှံ နှစ်ယောက် တွဲပြီး Fatty Gangster Production ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်လိုက်ပြီ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က