တရားနည်းလမ်း မမျှတ တာတွေ့ရတယ်။

အိမ်အကူ အမျိုးသမီးငယ်ကို နှိပ်စက်မှုကြောင့် တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်မင်းရာဇာနဲ့ အပေါင်းအပါ(၃) ဦးတို့အနက် မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူကတော့ အာမခံပေးလို့ရလောက်တဲ့ ပုဒ်မ ဖြစ်ခဲ့တဲ့အပေါ် တရားမျှတမှုမရှိတဲ့အကြောင်း ဦးရောဘတ်စန်းအောင်က ပြောပါတယ်။  

အိမ်အကူအမျိုးသမီးငယ်ကို နှိပ်စက်မှုဖြင့် သရုပ်ဆောင်မင်းရာဇာနဲ့ အပေါင်းအပါ(၃) ဦးတို့ဟာ တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။ အဆိုပါအမှုနဲ့ ပတ်သက်ပြီး ဒီနေ့(မေလ ၇ ရက်)မှာတော့ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ပထမအကြိမ် ရုံးချိန်းပြုလုပ်ခဲ့ပါတယ်။ ရုံးချိန်းမှာတော့ မင်းရာဇာရဲ့ ယောက္ခထီးတော်စပ်သူ ဦးမောင်မောင်အေးကို အာမခံပေးလို့ရတဲ့ ပုဒ်မ ခွဲခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ တရားရုံးကလည်း အမှုကို ဥပဒေအတိုင်းဆောင်ရွက်ဖို့ လုပ်ပါတယ်။ ဒါပေမယ့် အမှုတင်တဲ့အခါကျတော့ ပုဒ်မတွေ ခွဲလိုက်တယ် ခင်ဗျ။ တိုင်ချက်က တစ်မှုတည်း ပုဒ်မခွဲလိုက်တော့ အမှုက (၂) ခုဖြစ်သွားတယ်။ FIR ကို Photo စက်ဆွဲတယ်၊ တရားလိုရဲ့ တိုင်စာကို Photo စက်ဆွဲပြီးတော့ အမှုတည်ဆောက်တယ်ဆိုတာ ကျွန်တော့်ဘဝမှာ ပထမဆုံးကြားဖူးတာပါ။ ဥပဒေနဲ့ လုံးဝမညီပါဘူး။ ဒါက တစ်ဦးတစ်ယောက်ကို အာမခံပေးချင်တဲ့အတွက် အခုလို လုပ်နေတော့သလားလို့ ကျွန်တော် စဉ်းစားမိပါတယ်။ အခု ဦးမောင်မောင်အေးကို ၃၂၅ လုပ်လိုက်တယ်။ သူ့ကို ပုဒ်မ ၃၂၅ နဲ့ သီးခြားလေး တစ်မှုလုပ်လိုက်တော့ အာမခံရသွားတယ်။ ဒါဆိုရင် ဥပဒေအရ အချိန်မှာ အာမခံက ပေးကို ပေးမှရတော့မယ်။ အာမခံက (၁၀) သိန်းနဲ့ ခံဝင်သူနှစ်ဦးပေါ့” ဆိုပြီးတော့ မေလ (၇) ရက်နေ့မှာ ပြုလုပ်တဲ့ ရုံးချိန်းမှာ ဖြေဆိုခဲ့တာပါ။

အခုလို အမှုခွဲလိုက်တဲ့ အပေါ်မှာလည်း တရားနည်းလမ်းမကျဘူးလို့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ လက်ရှိမှာလည်း ရာဇဝတ်ကြီးမှု ပုဒ်မ ၁၀၈၁/၂၀၂၀ ၊ ၁၀၈၂ / ၂၀၂၀ ဆိုပြီးတော့ အမှုခွဲခဲ့ရာ သရုပ်ဆောင်မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူ ဦးမောင်မောင်အေးကိုတော့ အမှုနံပါတ် ၁၀၈၂/၂၀၂၀ အဖြစ် သီးခြားစစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။ 

“အမှုကို ခွဲတာက တရားနည်းလမ်းမကျဘူး။ ဒါကိုတော့ ကျွန်တော်တို့က ရဲချုပ်ကို တင်ပြရမှာပဲ။ ခရိုင်က ကြီးကြပ်ကွပ်ကဲမှု လိုနေပြီ။ ဒီလောက် ပြဿနာပေါ်နေတဲ့ အမှုပါ။ FIR တစ်ခုတည်းနဲ့ အမှု(၂) မှု တည်ဆောက်တာ ဒါ ပထမဆုံးအကြိမ်ပါ။ ဒါကို အရှေ့ပိုင်းခရိုင်တရားရုံးကို ဆက်လက် တင်သွင်းသွား တော့မယ်။ ရုံးချိန်းတာတော့ (၂၁) ရက်နေ့ကို ပြန်ချိန်းထားပါတယ်။ ကျွန်တော်တို့ကတော့ အရှေ့ပိုင်းခရိုင်တရားရုံး ကိစ္စကိုပဲ ဆက်လက်ဆောင်ရွက်တော့မယ်။ ကျွန်တော်တို့က Power မတင်လိုက်ရတော့ ဘာမှတော့ ပြောလို့ မရဘူးပေါ့ခင်ဗျာ။အခု အမှုကို ၁၀၈၁ ရယ်၊ ၁၀၈၂ ရယ်ဆိုပြီးတော့ အမှု (၂) ခုကွဲသွားတယ်။ ဦးမောင်မောင်လေးကို အမှုနံပါတ်(၁၀၈၂) တဲ့ အဲဒီလို ခွဲစွဲလို့မှ မရတာ။ ပုဒ်မ အရက ခရိုင်ရုံးမှာ စစ်လို့ရတယ်။ ဒီနေ့ အဖြစ်အပျက်အပေါ် သိပ်မခံစားဘူး။ ကျွန်တော်တို့ လုပ်သင့် လုပ်ထိုက်တာကို လုပ်မယ်။ သို့သော်ရဲချုပ်ကို တင်ပြဖို့တော့ တာဝန်ရှိတယ်” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။ 

 

ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာအပါအဝင်(၃)ဦးကို အိမ်အကူမိန်းကလေးအား အက်စစ်နဲ့ပက်မှုဖြင့် မိန်းကလေးရဲ့ မိခင်က ရွှေပေါက်ကံ ရဲစခန်းမှာ (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံမှ သိရသည်။ မင်းရာဇာရဲ့ ယောက္ခထီးဖြစ်သူ ဦးမောင်မောင်အေးကိုတော့ ဧပြီလ (၄) ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး မင်းရာဇာနဲ့ အတူ မဖူးငုံပွင့်နဲ့ အောင်လွင်စိုး(ခ) ရခိုင်လေးတို့ကို ဧပြီလ (၁၀)ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က