ပရိသတ်တွေနဲ့ အရင်တိုင်ပင်မယ်တဲ့။
Sabal Thwin

အဆိုတော် G-Fatt က ၂၀၁၉ ခုနှစ်မှာပြုလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုတော့ မန္တလေးမှာ ပြုလုပ်ဖို့ ကျိန်းသေ သွားပါပြီ။ ပွဲကျင်းပမယ့်ရက်ကိုတော့ ပရိသတ်တွေနဲ့ တိုင်ပင်သွားပါမယ်တဲ့။

မန္တလေးမြို့က ပရိသတ်တွေကိုတော့ အဆိုတော် G-Fatt က သတင်းကောင်းတစ်ခုပေးလိုက်ပါပြီ။ ဒါကတော့ သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မန္တလေးမှာ ပြုလုပ်သွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’မန္တလေးက ပရိသတ်တွေဆီ ကျွန်တော် မသွားဖြစ်တာလည်း ကြာပြီ။ ရန်ကုန်မှာကလည်း မနှစ်ကလုပ်လိုက်ပြီဆိုတော့ မန္တလေးမှာလည်း သွားလုပ်မယ်ပေါ့နော်။ ရှေ့ရက်တွေတုန်းက ကျွန်တော်စဉ်းစားသေးတယ်၊ မန္တလေးမှာလုပ်ရင်ကောင်းမလား၊ ရန်ကုန်မှာလုပ်ရင်ကောင်းမလားပေါ့။ ဒါပေမယ့် မန္တလေးမှာ လုပ်မယ်လို့ စီစဉ်ဖြစ်သွားတယ်။ ရန်ကုန်က ပရိသတ်တွေ တစ်နှစ်လောက်စောင့်ပေးပါခင်ဗျာ’’ ဆိုပြီးတော့ သြဂုတ်လ ၂၁ ရက်နေ့က ရေဘေးအတွက် ဘောလုံးပြိုင်ပွဲလေ့ကျင့်ရေးမှာ ဖြေဆိုခဲ့တာပါ။

ဘယ်နေ့ ဘယ်နေရာမှာ လုပ်ရမလဲဆိုတာကိုလည်း မန္တလေးက ပရိသတ်တွေနဲ့ တိုင်ပင်ဦးမယ်လို့ G- Fatt က ပြောပါတယ်။

‘’ မန္တလေးက ပရိသတ်တွေကို ယုံကြည်လို့ ပုံအပ်လိုက်ပါပြီ။ လာရောက်ဝန်းရံပေးကြပါ။ ပွဲလုပ်မယ့် နေ့ကိုတော့ မန္တလေးက ပရိသတ်တွေနဲ့ ပြန်တိုင်ပင်မယ်။ ဘယ်ရက်တွေများ မန္တလေးလာရင် ပိုကောင်းမလဲပေါ့။ သူတို့ ဘယ်ရက်တွေမှာ လာကြည့်ကြမလဲ။ ကျွန်တော်ရော ဘယ်နေ့မှာ ဖျော်ဖြေပွဲလုပ်မလဲဆိုတာ ကျွန်တော့် ပရိသတ်တွေနဲ့ ကျွန်တော် ပြန်တိုင်ပင်ပါ့မယ်’’ လို့ သူကဆိုပါတယ်။

Photo: Alinn Young

မန္တလေးမှာလုပ်မယ့် ဖျော်ဖြေပွဲကတော့ ထူးခြားမှုတွေရှိလာဦးမယ်လို့ G-Fatt က ပြောပါတယ်။ ရန်ကုန်မှာ လုပ်ခဲ့တဲ့ ပွဲနဲ့ မတူတဲ့ ရသမျိုးကို မန္တလေးက ပရိသတ်တွေ ခံစားရမှာပါလို့ ဆိုပါတယ်။

‘’ သီချင်းအသစ်တွေ ဆိုပြဖို့လည်းပါတယ်။ မန္တလေးကကျတော့ ရန်ကုန်နဲ့ မတူတဲ့ Type တစ်ခုကို သွားမှာဖြစ်တယ်။ အထာလေး နည်းနည်းချိန်းမယ်။ အခုတော့ ပြောဖို့ စောနေပါသေးတယ်။ ပွဲအတွက်ကတော့ လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက ကျွန်တော်တို့ ပြင်ဆင်ပြီးသား။ ရန်ကုန်မှာပဲ လုပ်ဖြစ်လုပ်ဖြစ်၊ မန္တလေးမှာပဲ လုပ်ဖြစ်လုပ်ဖြစ် ဘယ်လိုပုံစံလုပ်မယ်ဆိုတာကို အစီအစဉ်ဆွဲထားပြီးသားပါ။ မန္တလေးမှာ လုပ်ဖို့ကတော့ တကယ်ကို သေချာသွားပါပြီ’’ လို့ သူကပြောပါတယ်။

Photo: G-Fatt

G-Fatt ဟာ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို အမြဲတမ်း Surprise လုပ်တတ်သူတစ်ယောက်ပါ။သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G-Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G-Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က