ဝိပဿနာပိုင်းအားနည်းနေလို့ပါ။
Ei Ei Myat

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ဖို့ လိုအပ်နေတာကြောင့် (၁၀) ရက်တာ တရားစခန်းဝင်မယ်လို့ သူက Duwun ကို ပြောပါတယ်။

photo : Moe Aung Yin

ဘာသာရေးလိုက်စားတတ်တဲ့ သရုပ်ဆောင်မိုးအောင်ရင်ကတော့ (၁၀) ရက်တာ တရားစခန်းဝင်ဖို့အတွက် မေမြို့ဦးဂိုအင်ဂါတရားစခန်းသို့ ရောက်ရှိလို့ နေပါပြီ။ ဘာသာရေးနဲ့ ပတ်သက်ပြီး ဘုရားတည်တာ၊ သာသနာ့ဘောင်ထဲ ဝင်တာမျိုးကို ငယ်စဉ်ကတည်းက လုပ်ခဲ့ပေမယ့် ဝိပဿနာပိုင်းနဲ့ ပတ်သက်ပြီး အားနည်းနေတာကြောင့် အလုပ်အားတဲ့ အချိန်လေးမှာ တရားစခန်းဝင်ဖို့အတွက် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

“ဘုန်းကြီးဝတ်တာတွေဘာတို့ကတော ကျွန်တော်ငယ်ငယ်လေးကတည်းက ဝတ်ဖြစ်ပါတယ်။ ဘုရားတည်တာတွေလည်း ရှိတယ်။ ဘာသာရေးပိုင်းလည်း လုပ်ဖြစ်ပါတယ်။ဒီလို တရားထိုင်တဲ့ အပိုင်းမှာကတော့ ဝိပဿနာအားနည်းတယ်ပေ့ါ ကိုယ့်ကိုကိုယ်လည်းအားမရဘူး။ ဒီလိုပြန်ထွက်လာတဲ့အချိန်မှာ တစ်ခုခုဆို စိတ်က ထစ်ကနဲဆိုတာနဲ့ ဒေါသထွက်သ လိုလို မကျေနပ်တာတွေရှိတယ် ။ဒီလိုဖြစ်တယ်ဆိုရင်တော့ ကျွန်တော့်ဆရာမကလည်း တရားစခန်းဝင်သင့်တယ်ဆိုပြီး အကြံပေးတော့ ဝင်မယ်ဆိုပြီး ဝင်ဖြစ်သွားတာပါ” လို့ သူက Duwun Media ကို ပြောပါတယ်။

photo : Moe Aung Yin

ဖခင်ဖြစ်သူ အောင်ရင်ကလည်း တရားစခန်းဝင်မယ့် သားကို လေဆိပ်အထိ သေချာလိုက်ပို့ပေးပြီးတရားထူး တရားမြတ်များ ရနိုင်စေဖို့ ဆုတောင်းစကား ပြောထားပါသေးတယ်။မိုးအောင်ရင်ဟာ အကျဉ်းထောင်ကနေ ပြန်လွတ်မြောက်လာခဲ့ပြီးနောက် အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စင်ကာပူ နိုင်ငံမှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲတစ်ခုကို ဖခင်နဲ့အတူတူ လိုက်သွားခဲ့ပါသေးတယ်။ အခုလို ဖခင်နဲ့ နှစ်ယောက်သား ခရီးသွားခွင့်ရတဲ့အတွက် အရမ်းပျော်တယ်လို့ သူက ပြောပါတယ်။

“အခုလို အဖေနဲ့ နှစ်ယောက်ထဲ ခရီးသွားဖြစ်တာ ဒီတစ်ခါ ပထမဆုံးလို့ ပြောရမယ်။ကျွန်တော့်ကို အဖေလည်း လွမ်းနေမှာပေ့ါ။ ကျွန်တော်ကိုယ်တိုင်လည်း အဖေ့ကို လွမ်းရတယ်။ အခုလို သွားရတာ အရမ်းပျော်တယ်။ မတူသော အမှတ်တရလေး တစ်ခုဖြစ်ခဲ့ပါတယ်” လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

photo : Moe Aung Yin

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။



က္က