ဂုဏ်ပြုငွေ သိန်း ၆၀ ရရှိနေပါပြီ။

ခီ နဲ့ မီ တို့အတွက် ပရိသတ်တွေရဲ့ ဂုဏ်ပြုငွေကတော့ သိန်း ၆၀ ရနေပြီလို့ ဂုဏ်ပြုပွဲ ကို စတင်စီစဉ်တဲ့ ပရိသတ်တစ်ဦးဖြစ်သူ ကိုစိုးသီဟနောင်က ဆိုပါတယ်။ ခီ တို့ ဇနီးမောင်နှံနဲ့ မီရုပ်ရှင်ဇာတ်ကားဟာ ပရိသတ်အားပေးမှု ရရှိထားကြတာပဲဖြစ်ပါတယ်။

ခီ နဲ့ မီတို့ကို ပရိသတ်တွေက ဂုဏ်ပြုပွဲပြုလုပ်ဖို့ တိုင်ပင်နေကြတယ်လို့ ပရိသတ်တစ်ဦးဖြစ်သူ ကိုစိုးသီဟနောင်(IT နည်းပညာရှင်) က Duwun Media ကနေပြောလာပါတယ်။ အခုဆိုရင်တော့ ဂုဏ်ပြုငွေ သိန်း ၆၀ ရနေပြီလို့ သိရပါတယ်။


‘’ကျွန်တော်တို့ သူငယ်ချင်း ၄ ယောက်ပေါင်းပြီးတော့ မီ နဲ့ ခီ အဖွဲ့သားတွေကို ဂုဏ်ပြုမယ်ဆိုပြီး စီစဉ်ထားတာ။ ဒါပေမယ့် အဲဒီအကြောင်းကို Facebook မှာတင်လိုက်တော့ တခြားပရိသတ်တွေကလည်း ပါဝင်လာကြတယ်။ အဲဒါနဲ့ ဘဏ်အကောင့်တစ်ခုဖွင့်ပြီး ငွေကြေးကောက်ခံလိုက်တဲ့အခါမှာ အခုဆိုရင် သိန်း၆၀ လောက်ရှိပြီ။ ဒီကိစ္စကိုလည်း မီ နဲ့ ခီတို့နဲ့ ပတ်သက်တဲ့လူတွေနဲ့ စီစဉ်တိုင်ပင်ပြီးသွားပြီ။ ကာယကံရှင်တွေဘက်က ငြင်းဆန်တာမျိုးတွေတော့ မရှိဘူး။ ပွဲကိုလည်း ဘယ်နေ့လုပ်မယ်ဆိုတာ ပြောလို့မရသေးဘူး’’ လို့ ဆိုပါတယ်။

ကိုစိုးသီဟနောင်ဟာ ပရိသတ်တစ်ဦးအနေနဲ့ အခုလို ဂုဏ်ပြုပွဲ ပြုလုပ်ပေးတာဟာလည်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ဆိုပါတယ်။ ကိုယ်တိုင်ကလည်း စိတ်လှုပ်ရှားနေရပါတယ်တဲ့။

‘’ကျွန်တော်တို့အနေနဲ့ လုပ်ရတဲ့အခါမှာ တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်တစ်ခုကို လုပ်ရတဲ့အတွက် စိုးရိမ်စိတ်တွေလဲ ရှိကြပါတယ်။ ကျွန်တော်တို့ အားပေးတဲ့ အနုပညာရှင်တွေကို ထိခိုက်မှာလဲ စိုးရိမ်ခဲ့ကြရပါတယ်။ အဖွဲ့အစည်း တစ်ခုအနေနဲ့ လုပ်တာ မဟုတ်ပဲ အစုအဖွဲ့အနေနဲ့ လုပ်တာ ဖြစ်တဲ့အတွက် အားနည်းချက်တွေလဲ ရှိပါလိမ့်မယ်။ အဲဒီလို အားနည်းချက်တွေကြောင့် စိတ်အနှောက်အယှက် ဖြစ်ရင်လဲ အားလုံးကို တောင်းပန်ပါတယ်။ ပူးပေါင်း ပါဝင်သူ အားလုံးကိုလဲ ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ’’ လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

ခီနဲ့ မီတို့အတွက် ပြည်သူ့အကယ်ဒမီ နဲ့ People’s Awards ဆိုပြီးတော့ ဂုဏ်ပြုဆု ပေးအပ်သွားမယ် ဆိုတာကိုလည်း မတ်လ ၃၁ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မီ နဲ့ ခီ တို့ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း ဒီ အစီအစဉ်အတွက် အားတက်သရော ပါဝင်လာကြတာဖြစ်တယ်လို့ သိရပါတယ်။

ဇဏ်ခီ နဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ဇာတ်ကား၊ ‘’မုုဒြာရဲ့ ခေါ်သံ’’ရုပ်ရှင်ဇာတ်ကား တို့နဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒီဇာတ်ကား ၂ ကားစလုံးကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့တာကြောင့် အောင်မြင်မှုများစွာ ရရှိခဲ့တာပါ။ နောက်ထပ်လည်း နေတိုး၊ ကျော်ကျော်ဗို၊ မင်းဦး၊ အောင်ရဲထိုက်၊ ရဲအောင်၊ ပိုင်ဖြိုးသုတို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ မီ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်များစွာ တို့ရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။



က္က