ကျန်းမာရေး စပြီးတော့ မကောင်းကတည်းက အလုပ်တွေ မလုပ်နိုင်တော့တာ။

လူကြမ်းသရုပ်ဆောင်ကြီး ဦးဖုန်းနိုင်ကတော့ ဆေးယဉ်ပါးတီဘီရောဂါ (၂) နှစ်အကြာ ခံစားနေရတဲ့ အတွက် အနုပညာအလုပ်တွေ မလုပ်နိုင်တော့ဘူးလို့ သိရပါတယ်။ 

ဦးဖုန်းနိုင်ကိုတော့ ဗီဒီယို ဇာတ်ကားတွေမှာ လူကြမ်းသရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ကျန်းမာရေး မကောင်းလို့ အနုပညာအလုပ်တွေ ရပ်နားလိုက်ချိန်မှာ ဇနီးဖြစ်သူက မိသားစုရဲ့ စားဝတ်နေရေးအတွက် အလုပ်တွေ လုပ်နေရတယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 



“ မိန်းမက အခု မွေ့ယာတစ်လုံးကို တစ်ထောင်နဲ့ ချုပ်ရတယ်။ တစ်နေ့ (၁၀)လုံးလောက်ပြီးရင်တော့ တစ်သောင်းလောက်ရတာပေါ့။ ပြီးတော့ ဆွမ်းလေး ချက်လှူ၊ ချွေတာပြီး စားရတာပေါ့။ ကလေး နှစ်ယောက်က (၁၀) တန်းရောက်ပြီ။ အခု ကျောင်းတွေ မတက်ရသေးလို့သာ နေသာထိုင်သာရှိလှတာ။ အခု Covid ကာလဆိုတော့ အလုပ်တွေကလည်း မလုပ်ရဘူး။ မွေ့ယာဆို တစ်နေ့ (၂) လုံးလောက်ပဲ ရလည်း (၂၀၀၀) လောက်နဲ့ အဆင်ပြေအောင်စားတာပေါ့" လို့ သူကဆိုပါတယ်။ 

ဦးဖုန်းနိုင်ဟာ လက်ရှိကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဆေးယဉ်ပါး တီဗီရောဂါကို (၂) နှစ်အကြာ ခံစားနေရတယ်ဆိုတာကို စက်တင်ဘာလ(၂) ရက်နေ့ က ဖြေဆိုခဲ့တာပါ။ ဆေးဝါးကိုတော့ အင်းစိန်ဆေးရုံမှာရှိတဲ့ တီဗီရောဂါတိုက်ဖျက်ရေးကနေ တဆင့် ဒေသံသရ ဆေးခန်းကပေးတဲ့ ဆေးတွေ သောက်နေရတယ်လို့ သိရပါတယ်။ 

“ အခုချိန်မှာ ကိုယ်က အသက်ကလည်းကြီး၊ ကျန်းမာရေးကလည်း မကောင်းဘူးဆိုတော့ အလုပ်ကလည်း မယ်မယ်ရရ မရှိဘူးပေါ့။ ကိုယ်အလုပ်တွေ ပြန်လုပ်မယ်၊ ခေါ်တဲ့သူရှိပေမယ့်လည်း ကျန်းမာရေးက မကောင်းတော့ မရိုက်နိုင်ဘူးဖြစ်နေတာပေါ့။ ပြီးတော့ ဆေးကလည်းသောက်နေရတော့ မူးလိုက်၊ အန်လိုက်၊ ထသွား ထလာ လုပ်မရတော့ လူက အဆင်မပြေဘူး။ ဒီရောဂါ ဖြစ်နေတာလည်း အခုဆို (၂) နှစ်ရှိပြီ။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးကရော၊ ကိုလူချော အဖွဲ့ကရော ထောက်ပံ့ငွေ ပေးကြပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ဦးဖုန်းနိုင် ကတော့ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ဗီဒီယို ဇာတ်ကားတွေ အများကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ ဗီဒီယို ဇာတ်ကားတွေမှာ လူဆိုး ကာရိုက်တာ၊ ရွာသား တစ်ဦးကာရိုက်တာ၊ လူယုတ်မာ ကာရိုက်တာတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ အသက်(၅၃) နှစ်ရှိပြီလို့ သိရပါတယ်။ အနုပညာလောကထဲကို အသက်(၅) နှစ်လောက်ကတည်းက လုပ်ခဲ့သူ တစ်ယောက်ဖြစ်တယ်လို့ သူက ပြောပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က