ကိုယ်တစ်ယောက်တည်းဖြစ်နေတာ မဟုတ်တော့ အားတင်းထားရတယ်။

ရဲလေးမကတော့ လက်ရှိ စီးပွားရေးအခြေအနေအရ မိသားစု စားဝတ်နေရေးကို ဈေးရောင်းရင်း ဖြေရှင်းရတာ မလွယ်ကူတဲ့အကြောင်းပြောလာပါတယ်။ 

Photo: Ye Lay Ma



ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် ရဲလေးမကတော့ ဇာတ်ကားတွေ အရိုက်နည်းတဲ့အချိန်မှာ မိသားစု စားဝတ်နေရေးအတွက် မုန့်ဟင်းခါးရောင်းနေတယ်လို့ သိရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါတွေကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲတော့ ကြုံနေရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အခုဆိုရင် တူမလေးတွေလည်း အလုပ်ပိတ်သွားပြီ။ ရုပ်ရှင်စက်အဖွဲ့ထဲဝင်တဲ့ တူလေးတွေလည်း နားကုန်ကြပြီ၊ အဖေနဲ့ အစ်ကိုဆိုတာကလည်း ပင်စင်စားတွေဆိုတော့ အစ်ကိုပဲ ဈေးရောင်းတဲ့သူရှိတယ်။ ဆန်ဝယ်တယ်၊ ဆီဝယ်တယ်၊ ဒီနေ့ ကြက်သားစားရရင် နောက်နေ့ ငါး၊ အသီးအရွက် ဒါပဲ စားရတယ်ပေါ့။ အလှည့်ကျလေးနဲ့ အမြတ်ငွေ အနည်းအများပေါ် မူတည်ပြီး စားဝတ်နေရေး ဖြေရှင်းနေရတာပါပဲ” ဆိုပြီးတော့ မတ်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလှူကို တက်ရောက်ရင်း ရင်ဖွင့်ပြောပြလာပါတယ်။ 

Photo: Ye Lay Ma

ရဲလေးမကတော့ မုန့်ဟင်းခါးလည်း အရင်ကလောက် ရောင်းမကောင်းတော့ဘူးလို့ ရင်ဖွင့်ပြောပြလာပါတယ်။ စိတ်ဓာတ်မကျအောင်လို့ အကောင်းဆုံး ကြိုးစားနေထိုင်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ 

“ အခုချိန်မှာ ဈေးရောင်းရတာ အရမ်းခက်နေပါပြီ။ အရင်တုန်းကဆို အချိန် ၁၀ လောက်ကုန်တယ်။ အခုက ၅ ပိသာတောင် အနိုင်နိုင်ရောင်းနေရတာပါပဲ။ ကိုယ်တစ်ယောက်တည်း ဖြစ်တာမှ မဟုတ်တာလေနော် ကမ္ဘာနဲ့အဝှမ်း ကိုယ့်လိုပဲ ရှိတဲ့သူရော၊ မရှိတဲ့သူရော အကုန်ခံစားနေရတာပဲလေ။ မရှိတဲ့ သူတွေအတွက်က ပိုဆိုးတယ်။ ဒါကြောင့် စိတ်ဓာတ်မကျစေချင်ဘူး။ ဒီကာလအတွင်းမှာ တတ်နိုင်သလောက် အဆင်ပြေအောင် နေထိုင်ရမှာပဲလေ။ ကိုယ်တိုင်လည်း ရင်ဆိုင်နေရတာကိုး” လို့ သူကဆိုပါတယ်။ 

Photo: Ye Lay Ma

လက်ရှိမှာတော့ COVID-19 ကူးစက်ရောဂါကြောင့် အနုပညာရှင်တွေလည်း ဇာတ်ကား ရိုက်ကူးမှုတွေ နားထားတယ်လို့ သိရပါတယ်။ အဲဒီနောက် ဈေးရောင်းနေသူတွေအနေနဲ့ ဆိုင်မှာ ထိုင်စားတာထက် ပါဆယ်ထုပ် နဲ့သာ ရောင်းချခွင့်ပြုထားတာကိုလည်း တွေ့ရပါတယ်။ အခုဆိုရင် COVID-19 ကူးစက်ရောဂါ တွေ့ရှိသူ (၁၄) ဦး ရှိသွားပြီဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန သာမက အနုပညာရှင်တွေကလည်း COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူး ဂရုစိုက်စေချင်တယ်လို့လည်း အင်တာဗျူးတွေ၊ Social Media တွေမှာ ပြောပြထားပါသေးတယ်။ 

Photo: Ye Lay Ma

ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က