ကျွန်တော် အောင်မြင်ခဲ့တုန်းကထက် ပိုချစ်တာတွေ့ရတယ်။
Sabal Thwin

ဉာဏ်လင်းအောင်က သူ့ရဲ့သမီးလေးကို ပရိသတ်တွေ ချစ်ခင်ကြလို့ ပြောမပြတတ်အောင် ဝမ်းသာမိတယ်လို့ဆိုပါတယ်။ သမီးလေးကြောင့် ပြောင်းလဲသွားတာတွေလည်း အများကြီးရှိတယ်လို့ဆိုပါတယ်။

ဉာဏ်လင်းအောင်နဲ့ ချမ်းချမ်းပိုင်တို့ရဲ့ တစ်ဦးတည်းသော သမီးလေးကတော့ အခုဆိုရင် ၆ လ သမီးအရွယ်ကို ရောက်နေပြီဖြစ်ပါတယ်။ ဒီသမီးလေးကို ဝိုင်းချစ်ပေးကြတဲ့ ပရိသတ်တွေရှိလို့ အရမ်းကိုပျော်တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’သူ့ကို အားလုံးက ဝိုင်းချစ်ကြလို့ ကိုယ်အောင်မြင်တုန်းက အချိန်ထက် ပိုပျော်တာပေါ့နော်။ ကျွန်တော့်တုန်းကလည်း သီချင်းတွေ စပြီးအောင်မြင်တုန်းက ထက်တောင် တကယ်ကိုပျော်တာပါ။ ဝမ်းလည်း ဝမ်းသာတယ်၊ ပီတိလည်းဖြစ်တာပေါ့နော်။ ထင်တောင် မထင်ခဲ့မိပါဘူး’’ လို့ ဆိုပါတယ်။

ခိုင်မာတဲ့ မိသားစုလေးဖြစ်အောင် ကြိုးစားမယ်လို့ ဉာဏ်လင်းအောင်က ပြောပါတယ်။ နားလည်မှုအပြည့်ရှိတဲ့ မိသားစုလေးပါလို့လည်း သူကဆိုပါတယ်။

‘’ အဓိက ကတော့ ဒီ မိသားစုလေး ပျော်ရွှင်နေရင် ပိုကောင်းတာပေါ့နော်။ ဘေးပတ်ဝန်းကျင် စကားတွေကိုလည်း နားမထောင်ဘူး။ ဒါကလည်း သူတို့က အချိန်ပြည့်အတူရှိနေတာ မဟုတ်ဘူးလေ။ အဓိက က ဒီမိသားစုလေးက အချိန်ပြည့်ရှိနေတာဆိုတော့ အချင်းချင်းပိုနားလည်တယ်’’ လို့ပြောပါတယ်။

လက်ရှိ မိဘနှစ်ပါးဖြစ်လာတဲ့အချိန်မှာတော့ ပြောင်းလဲသွားတဲ့ အရာလေးတွေရှိတယ်လို့ ဉာဏ်လင်းအောင်က ပြောပါတယ်။ သမီးလေးကိုလည်း ပရိသတ်တွေ ချစ်စေချင်တယ်လို့ ဆိုပါတယ်။

‘’ ပြောင်းလဲသွားတဲ့အရာတွေကတော့ အရင်တုန်းကထက် စိတ်ရှည်လာတယ်၊ သည်းခံလာတယ်။ ပြီးတော့ သမီးလေးအတွက်ပဲ ပို တွေးတတ်လာတယ်။ အခုဆိုရင်လည်း ပရိသတ်ကို ချပြတာ ချစ်စေချင်လို့ပေါ့နော်။ ကျွန်တော့် သမီးလေးကိုလည်း ကျွန်တော်တို့ချစ်သလိုပဲ ချစ်စေချင်လို့ ပရိသတ်ကြီးကို မိတ်ဆက်ပေးလိုက်တာပါ။ ပရိသတ်တွေကလည်း ချစ်ကြပါတယ်’’ လို့ သူကဆိုပါတယ်။

ဉာဏ်လင်းအောင်ကိုတော့ ဂီတအလုပ်တွေ စလုပ်ရင်းက ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူဟာ ပထမဆုံးသီချင်းအခွေဖြစ်တဲ့ ‘’သူငယ်ချင်း’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ နဲ့ ပရိသတ်ရင်ထဲကို စတင်ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီနောက် တွန်းအား ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က