မိုက်မြင်တာနဲ့ ဆိုမယ် ဆိုတာချည်းပဲ။
Sabal Thwin

ဉာဏ်လင်းအောင် ကတော့ တစ်နှစ်ပြည့်ပြီးသား သမီးလေးရဲ့ ထူးခြားမှုတွေကို ပြောလာပါတယ်။ 

ဉာဏ်လင်းအောင် နဲ့ ချမ်းချမ်းပိုင်တို့ကတော့ သမီးလေး သွန်းရတီလင်းနဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ထောင်ထားတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သမီးလေးက တစ်နှစ်ပြည့်ပြီးဖြစ်ပါတယ်။ သမီးလေးဟာ ဉာဏ်လင်းအောင်လို ဂီတဝါသနာပါတယ်တဲ့အကြောင်းပြောပြလာပါတယ်။ 

“သမီးလေး ဒီအရွယ်ရောက်လာတာ မြန်တယ်လို့ ပြောလို့ရတယ်။ သူက အခုဆို မိုက်တွေ့ရင် သီချင်းဆိုလို့ရတယ် ဆိုတာ သိနေပြီ။ သူ့အသံအကျယ်ကြီးနဲ့ သီချင်းတွေလည်း လိုက်ဆိုနေတာ။ ပြီးရင် အိမ်မှာ ခွေးလေးတစ်ကောင်မွေးထားတယ်။ လူကြီးတွေက အဲဒီခွေးလေးကို ဆူလိုက်ပြီဆိုရင် သူက တုတ်တုတ် ဆိုပြီးတော့ လိုက်ပြောသေးတာ။ အရမ်းလည်တယ် လူကြီးလေးလိုပဲ။ အဘွားဝင်စားတယ် ဆိုပြီးတော့ အိပ်မက်လာပေးဖူးတယ်”လို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သမီးလေး သွန်းရတီလင်းရဲ့ တစ်နှစ်ပြည့် မွေးနေ့အလှူမှာ ဉာဏ်လင်းအောင်က Duwun Media ကို ဖြေဆိုခဲ့တာပါ။ 

ဉာဏ်လင်းအောင်ကတော့ သမီးလေးကို မွေးနေ့ဆုတောင်းပေးတဲ့အခါမှာ ယောကျ်ား မယူစေချင်တဲ့အကြောင်း Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ဉာဏ်လင်းအောင်က သဝန်တိုတဲ့ ဖခင်တစ်ယောက်ဖြစ်နေပြီလို့ ဇနီးဖြစ်သူ ချမ်းချမ်းပိုင် က ရယ်မောရင်း ပြောပြလာပါတယ်။ 

“ ဒါကတော့ တစ်ချိန်ကျရင် ဖြစ်လာမှာပဲလေ။ ကိုယ်တားလို့ရမယ့် ကိစ္စလည်း မဟုတ်ဘူး။ အရမ်းသဝန်တိုတဲ့ အဖေ ဖြစ်လာဖို့များတယ်။ သူ့သမီးက တခြား ကောင်လေးတစ်ယောက်ကို နမ်းနေပြီဆိုရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပွစိ ပွစိလုပ်နေတာ။ သမီးလေးကလည်း အာဘွားပေးရင် တစ်ချက်တည်းမဟုတ်ဘူး ခဏခဏဆိုတော့ သူက ပိုပြီး သဝန်တိုရော” ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

ဉာဏ်လင်းအောင်နဲ့ ချမ်းချမ်းပိုင်တို့ကတော့ သမီးလေး သွန်းရတီလင်း ရဲ့ မွေးနေ့အလှူကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က M3 Food Center မှာ ပြုလုပ်ခဲ့ပါတယ်။ ရဟန်းသံဃာတော်များကို နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့တာဖြစ်ပြီး ဖိတ်ကြားထားတဲ့ အနုပညာရှင်များ၊ မိတ်ဆွေများကလည်း တက်ရောက်လာခဲ့ြ ကတာ တွေ့ရပါတယ်။ ဉာဏ်လင်းအောင်ဟာ သမီးလေးကို ၆ လအရွယ်မှာ ပရိသတ်နဲ့ စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ 

ဉာဏ်လင်းအောင်ကိုတော့ ဂီတအလုပ်တွေ စလုပ်ရင်းက ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူဟာ ပထမဆုံးသီချင်းအခွေဖြစ်တဲ့ ‘’သူငယ်ချင်း’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ နဲ့ ပရိသတ်ရင်ထဲကို စတင်ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်တုန်းကလည်း တွန်းအား ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိထားသူတစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က