ဇနီးကတောင် ကွာရှင်းခွင့်တောင်းခဲ့ဖူးတယ်။

ညီနန္ဒဟာ လောင်းကစားတွေ လုပ်ခဲ့စဉ်ကအချိန်တွေကို ပြန်တွေးမိရင် အရမ်းခံစားရတယ်လို့ ဆိုပါတယ်။ 

Photo: Nyi Nanda



ညီနန္ဒကတော့ အနုပညာအလုပ်တွေ ခဏနားခဲ့ရတုန်းက ဖြတ်သန်းခဲ့ရတဲ့ ဘဝအခြေအနေတွေကို Duwun ကနေ ပြောပြလာပါတယ်။ သမီးလေး မျက်နှာကိုမှ မထောက် လောင်းကစားတွေ လုပ်ရင်း မိုက်မဲခဲ့တာပါလို့ သူက ဆိုပါတယ်။ 

" အစ်ကိုကကျတော့ ကိုယ့်ကိုသူများက ချောက်ထဲ တွန်းချတာတော့ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်ပဲ တွန်းချနေတာလို့ဆိုရမှာပေါ့။ လောင်းကစားတွေ လုပ်ခဲ့တယ်၊ ကိုယ်ကိုယ်တိုင်ပဲ မိုက်ခဲ့တယ်။ အဲဒီတုန်းကဆို လောင်းကစားလုပ်တယ်၊ ရှုံးသွားတယ်၊ ပိုက်ဆံ ဘယ်က ရမလဲ ဒါပဲ စဉ်းစားခဲ့တယ်။ ပြီးတော့ သမီးလေး မျက်နှာကိုတောင် လုံးဝမထောက်၊ အရှက်တရားလည်း လုံးဝ မရှိဘူး။ ပိုက်ဆံဆိုလည်း ဟိုလူ့ ဆီကလည်း ချေးလာတယ်၊ ဒီလူ့ဆီကလည်း ချေးလာတယ်။ အဲဒီစိတ်ကြီးကို ဒီအချိန်မှာ အစ်ကို ပြန်ခံစားရတဲ့အခါ နှစ်ဘဝ လို့တောင် အစ်ကို ခံစားမိတယ်" ဆိုပြီးတော့ ဇူလိုင် ၉ ရက်နေ့က Bon Life ဆီရဲ့ Brand Ambassador ခန့်အပ်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Nyi Nanda ( သရုပ်ဆောင် ညီနန္ဒ ရဲ့ဇနီးနှင့် သမီး)

ညီနန္ဒဟာ သမီးလေးကို မငဲ့ဘဲ လောင်းကစားတွေ လုပ်ခဲ့တဲ့ အချိန်မှာ ဇနီးဖြစ်သူဘက်က ကွာရှင်းခွင့်တောင်းခဲ့ဖူးတဲ့အထိအောင် အဆင်မပြေတာတွေ ကြုံခဲ့ရတဲ့အကြောင်းကိုလည်း ဆက်လက် ပြောပြလာပါတယ်။ 

" အစ်ကိုတို့ မန္တလေးကနေ ရန်ကုန်ကိုပြောင်းတော့ အစ်ကို့ ဇနီးက အစ်ကို့ကို ကွာရှင်းခွင့်တောင် တောင်းခဲ့တာ။ အစ်ကိုက လုံးဝ မကွာပေးခဲ့ဘူး။ အဲဒီတုန်းက သူ့ဘာသာသူ သမီးလေးကို ခေါ်ပြီး သူတို့ဘာသာ ရပ်တည်လာတယ်။ သမီးလေးကလည်း မေမေ့မှာ ပိုက်ဆံ မရှိဘူးဆိုတဲ့ အသိတရားလေးတွေ ရှိနေခဲ့တယ်။ အစ်ကိုဆိုလည်း လစာ တစ်သိန်းလောက်နဲ့ အလုပ်လုပ်နေခဲ့တာ ဆိုတော့ အဝတ်လျှော်ခ ၃၀၀၀ ကိုတောင် နှမြောပြီး ကိုယ့်ဘာသာကိုယ်ပဲ လျှော်ခဲ့ရတာ" လို့ သူကဆိုပါတယ်။ 

Photo: Nyi Nanda

ညီနန္ဒက ၂၀၁၆ ခုနှစ်ကနေ စပြီး လောင်းကစား လုံးဝ မလုပ်တော့ဘူးလို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်ကစလို့ ဘုရား၊ တရား အလုပ်ကိုသာ တစိုက်မတ်မတ် လုပ်ဆောင် ခဲ့တယ်လို့ သူက ပြောပါတယ်။ 

" အခု လာင်းကစားဆိုရင် ဘောလုံးပွဲ မှ မဟုတ်ဘူး၊ ဖဲရိုက်ဖို့ ဆိုတာထက် ဖဲချပ် ကို အပျော်သဘောမျိုးတောင် အစ်ကို ကောက်မကိုင်တော့ဘူး။ အဲဒါကို အသက်နဲ့ရင်းပြီးတော့ကို ဘုရားမှာ သစ္စာဆိုထားတာပါ။ ၂၀၁၆ က စပြီး လောင်းကစားတွေ မလုပ်ဖြစ်တော့ဘူး။ ၂၀၁၇ မှာတော့ အစ်ကို ကျောက်တွင်းမှာ အလုပ်လုပ်ရင်း ဘုရား၊ တရား အလုပ်တွေ လုပ်တယ်။ ၂၀၁၈ အစမှာ ဇာတ်လမ်းတွဲရိုက်ဖို့ စကမ်းလှမ်းလာတာကနေ အခုလို ဖြစ်လာတာပေါ့" လို့ သူကဆိုပါတယ်။ 

Photo: World

လက်ရှိမှာတော့ ညီနန္ဒက COVID-19 ကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတဲ့ အချိန်မှာ "ကိုနန္ဒ"လို့ အမည်ပေးထားတဲ့ ထောပတ် ထမင်းရောင်းနေပါတယ်။ သူ့ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးခဲ့ကြတာပါ။ အဲဒီနောက် သူဟာ စီးပွားရေးဘက်ကို ဦးစားပေးလိုက်တဲ့ အချိန်မှာ အနုပညာလောကနဲ့ ၃ နှစ်ကျော် ဝေးကွာသွားတယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ကျော် ရပ်တည် လျှက် ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က