သမီးလေးကတော့ လက်သံပြောင်နေပြီ။
Sabal Thwin

မင်းရာဇာကတော့ သားနဲ့ သမီးလေးကို သူ့ရဲ့ နာမည်လေးတွေပါအောင် နာမည်လေးတွေပေးထားတယ်လို့ဆိုပါတယ်။ သားနဲ့ သမီးရဲ့ ထူးခြားချက်တွေကိုလည်း ပြောပြခဲ့ပါသေးတယ်။ 

မင်းရာဇာကတော့ အခုဆိုရင် ဟေဇယ်မင်းရာဇာဆိုတဲ့ သမီးလေးနဲ့ Zenic ရာဇာထူး ဆိုတဲ့ သားသမီးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူချစ်ရတဲ့ ဇနီးချော မဖူးငုံပွင့်နဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ခွင့်ရထားတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို Duwun Media ကနေ ရင်ဖွင့်ပြောပြထားပါတယ်။ 

‘’သားနဲ့သမီးအတွက်ဆိုရင် ဘာမဆိုလုပ်ပေးဖို့ ဆန္ဒအပြည့်ရှိပါတယ်။ သားနဲ့သမီးရှိလာတော့လည်း အိမ်ကိုပြန်လာရင် တကယ်အမောပြေတယ်။ ကိုယ်စိတ်ပင်ပန်းတာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲနေနေ အိမ်ကိုရောက်ပြီဆိုကတည်းက ကိုယ့်ဘဝအတွက် ပြည့်စုံတဲ့ ကမ္ဘာ လေးလို့ ခံစားရတယ်။ အခုဆိုရင်သားလေးက ၇ လ၊ သမီးက ၅ နှစ်နဲ့ ၄လရှိသွားပြီ။ သားလေးနာမည်က Zenic ရာဇာထူးပါ။ သမီးလေးနာမည်ကိုတော့ ဟေဇယ်ရာဇာလို့ပြောင်းထားတယ်။ ကျွန်တော့်နာမည်ရာဇာတွေ ပါအောင်လို့ မှည့်ထားတာပေါ့’’ လို့ ဆိုပါတယ်။ 

အဲဒီနောက် မင်းရာဇာက ၇ လသားအရွယ်သားလေးရဲ့ ထူးခြားချက်တွေကို ပြောပြလာပါတယ်။ သားလေးရဲ့ အပြုအမှုတွေက အသည်းယားစရာလေးတွေပါပဲတဲ့။ 

‘’ သမီးထက်ကို သားက ပိုလည်တယ်။ သမီးတုန်းကဆိုရင် မှောက်လျက်နဲ့မသွားတတ်ဘူး။ မှောက်တယ်၊ ထိုင်တယ်။ ပြီးရင် လေးဘက်ထောက်သွားတယ်။ သားကကျတော့ မှောက်လျက်နဲ့သွားတာဆိုတော့ အရမ်းအသည်းယားတယ်။ မိန်းမကပြောတယ် ယောက်ျားလေးသာအရင်မွေးရင် နောက်တစ်ယောက်မယူဘူးတဲ့။ မှန်တယ်လေ သားက အိပ်ယာပေါ်ကနေခဏခဏပြုတ်ကျတယ်။ သားရဲ့ ထူးခြားချက်ကတော့ အရမ်းဆော့တယ်။ လက်သံပြောင်တယ်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့က ဟော့ပေါ့ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။ 

၅ နှစ်နဲ့ ၄ လအရွယ် သမီးကြီး ဟေဇယ်ရာဇာကလည်း ဖေဖေ မင်းရာဇာလိုပဲ အက်ရှင်တွေကို ဝါသနာပါတဲ့ သမီးလေးတစ်ယောက်ပါတဲ့။ 

‘’ အစ်ကိုက အက်ရှင်မင်းသားဆိုတော့ အိမ်မှာ သူ့ကို လက်သီးထိုးတာတွေသင်ပေးတယ်။ အဖေကိုဆိုရင် မျက်နှာတွေ ခဏခဏအထိုးခံရတယ်။ အမျိုးထဲက မောင်တစ်ယောက်ဆိုရင် သူ့ကို လာစလို့ လက်သီးနဲ့ထိုးလိုက်တာ သွားတစ်ချောင်းကျိုးသွားတယ်။ ငယ်ငယ်ကတည်းက လက်သံပြောင်နေပါပြီ။ မိန်းကလေးဆိုပေမယ့်လည်း ဒီပညာတွေက တက်ထားသင့်တဲ့ ပညာတွေဖြစ်လို့ သင်ပေးဖြစ်တာပါ’’ လို့ သူကဆိုပါတယ်။ 

အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှု အများကြီးရရှိခဲ့တဲ့ မင်းရာဇာဟာ အနုပညာသက်တမ်း နှစ်များစွာ ကြာနေပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက်ပါ။ မင်းရာဇာကိုတော့ ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင်အားပေးတာကိုလည်း တွေ့ရပါတယ်။  




ဆက်စပ်အကြောင်းအရာများ


က္က