ပျော်ရွှင်စရာကောင်းတဲ့ ခရီးလေးဖြစ်ခဲ့ပါတယ်။
ပြေတီဦးက သူ့ရဲ့ မိခင်၊ မောင်နှမတွေနဲ့အတူ ခရီးထွက်ခဲ့ရင်း ငယ်ငယ်က အကြောင်းတွေကို ပြန်ပြီး အမှတ်ရနေခဲ့ပြန်ပါသေးတယ်တဲ့။ အဲဒီနောက် သူဖြတ်သန်းခဲ့ရတဲ့ မိသားစုဘဝအကြောင်းကိုလည်း ဆက်ပြောထားပါသေးတယ်။

Photo: Pyay Ti Oo



ပြေတီဦးက မကြာသေးခင်က မိခင်ဖြစ်သူအပါအဝင် မောင်နှမ ၃ ယောက်အတူတူ ဘန်ကောက်ကို ခရီးထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက် နေမကောင်းဖြစ်နေတဲ့ မိခင်ကိုပါ ဆေးကုသပေးခဲ့ပြီး မိသားစု ပျော်ပျော်ရွှင်ရွှွင် ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရတွေကို Duwun media ကနေတဆင့် ပြောပြလာပါတယ်။

‘’ မေမေ နေကောင်းသွားပါပြီ။ သားသမီးတွေနဲ့ ၃ ရက်လောက်တွေ့လိုက်ရတော့ မျက်နှာတွေလည်း လုံးဝ လန်းဆန်းသွားတယ်။ အဲဒီလိုမျိုးသွားချင်နေတာ အရမ်းကြာပြီ။ အစ်ကိုတို့ မောင်နှမတွေ၊ အစ်ကိုတို့ မိသားစုတွေက ဟိုးငယ်ငယ်လေးကတည်းက လုံးထွေးပြီးတော့ပဲ နေလာကြတာ။ အမေ့ဘေးမှာပဲ ကပ်နေကြတာ အမေကလည်း အဲဒီတုန်းက ထမင်းကို ဆီနဲ့စားနဲ့ သေချာနယ်၊ ဟင်းအနှစ်တွေနဲ့ နယ်ပြီးတော့ မောင်နှမသုံးယောက်စလုံးကို ထမင်းခွံကျွေးတာ။ ၆တန်း ၇ တန်းလောက်အထိပေါ့။ အစ်ကိုတို့တွေ ရုန်းကန်ပြီးတော့မှ ဘဝထဲကို ရောက်သွားတဲ့ အချိန်ကနေစပြီး မောင်နှမသုံးယောက်စလုံးကလည်း ကိုယ့်နေရာမှာ ကိုယ်နေကြတာဆိုတော့ ဒီလိုပုံစံမျိုးလေးက မရှိဖြစ်တာ ကြာပြီလေ။ အခု ဒါလေးကို ပြန်ရတော့ အရမ်းကို ငယ်ဘဝကိုလည်း သတိရတယ်၊ ပျော်လည်းပျော်တယ်၊ မေမေလည်း ကျန်းမာသွားတယ် တစ်ခါတည်း’’ ဆိုပြီးတော့ ပျော်ရွှင်ရယ်မောရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Pyay Ti Oo

အဲဒီနောက် မိခင်နဲ့အတူတူ ပျော်ပျော်ပါးပါး ခရီးသွားခဲ့ပေမယ့် အိမ်မှာကျန်ခဲ့တဲ့ ဖခင်ဖြစ်သူကိုလည်း မမေ့တဲ့အေကြောင်း ပြေတီဦးက ဆက်လက်ပြောပြလာပါတယ်။

‘’ ဖေဖေကတော့ မလိုက်နိုင်ဘူး။ သူက ခရီးသွားရင် ပင်ပန်းတယ်။ ကြီးပေါင်းလည်း နည်းနည်းရှိတဲ့အခါကျတော့ သူက အရမ်းပင်ပင်ပန်းပန်းနဲ့ ခရီးအဝေးကြီးတွေ သွားလို့မရဘူး။ ဖေဖေက ဘယ်မှ မလိုက်ပဲနဲ့ အိမ်မှာနေတာများတယ်။ ဖေဖေပါရင်တော့ ပိုကောင်းတာပေါ့နော်။ ဖေဖေ့ကိုလည်း သတိရတယ်’’ လို့ သူကဆိုပါတယ်။

Photo: Pyay Ti Oo

ပြေတီဦးဟာ မောင်နှမ သုံးယောက်ထဲကမှ သားအလတ်ဖြစ်ပါတယ်။ သူ့ရဲ့ အထက်မှာ အစ်မတစ်ယောက်ရှိသလို သူ့ရဲ့ အောက်မှာလည်း ညီမလေးတစ်ယောက်ရှိပါတယ်။ မကြာခဏဆိုသလို မောင်နှမတွေ ဆုံဖြစ်တယ်လို့လည်း ပြောပါတယ်။

‘’ဆုံတော့ ဆုံဖြစ်ပါတယ်။ မမကြီး စင်ကာပူကနေ ပြန်လာတဲ့အခါကျရင်တော့ မေမေ့အိမ်မှာ အမြဲတမ်းတွေ့ဖြစ်တယ်။ ဒါပေမယ့် ဒီလို အချိန်အကြာကြီး မဖြစ်ဘူးပေါ့နော်။ အခုကျတော့ ၃ ရက်လောက်ကို အချိန်အကြာကြီး အတူတူနေရတာ ဆိုတော့လေ’’ ဆိုပြီးတော့လည်း ဆက်လက်ပြောပြလာပါတယ်။

Photo: Pyay Ti Oo

ပြေတီဦး (Pyay Ti Oo) ဟာ ၁၉၇၈ခုနှစ် နိုဝင်ဘာ(၃၀)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သားသမီးသုံးယောက်ထဲမှာ အလတ်တစ်ယောက် ဖြစ်ပါတယ်။ ပြေတီဦးဟာ စက်မှုတက္ကသိုလ်ကျောင်းသားဘဝထဲက သရုပ်ဆောင်ပညာကို ဝါသနာပါခဲ့သူပါ။ ၁၉၉၈ ခုနှစ်လောက်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) က ပြုလုပ်တဲ့ သရုပ်ဆောင်ရွေးချယ်ပွဲ အစီအစဉ်မှာ ရွေးချယ်ခံခဲ့ရပြီးတဲ့နောက် MRTV က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတိုတွေနဲ့ မြန်မာစာမြန်မာစကား အစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

အဲဒီနောက် သူ့ကို ၂၀၀၀ ပြည့်နှစ်များ အလယ်လောက်မှ ဗီဒီယိုဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသားအဖြစ် ပြန်လည် မြင်တွေ့ရကာ ပရိသတ်ရဲ့ နှစ်ခြိုက်လက်ခံမှုကို ရရှိလာခဲ့ပါတယ်။ ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က