ဒီကာရိုက်တာနဲ့ ဝေဖန်မှုတွေအများကြီး ကြုံနေရသူပါ။

‘’ ကျွန်မက မဟေသီ’’ရုပ်သံဇာတ်လမ်းတွဲထဲက မိန်းမချောကာရိုက်တာနဲ့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ သံသာမိုးသိမ့်ဟာ ဒီကာရိုက်တာကို လက်ခံရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။

Photo: ကျွန်မက မဟေသီ

သရုပ်ဆောင် သံသာမိုးသိမ့်ကိုတော့ ‘’ကျွန်မက မဟေသီ’’ရုပ်သံဇာတ်လမ်းတွဲထဲက မိန်းမချော ဆိုတဲ့ကာရိုက်တာနဲ့ ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ ဒီကာရိုက်တာဟာ ဗီလိန် အမျိုးအစားဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုခံနေရသလို သူမကိုယ်တိုင်ကလည်း စိတ်မကောင်းဖြစ်တယ်လို့ Duwun Media ကနေပြောပြလာပါတယ်။

‘’ စိတ်မကောင်းဖြစ်တာပေါ့။ အရင်တုန်းကတော့ မိန်းမချောကို သူတို့ ဆဲနေကြတာပေါ့နော်။ မယမုံကို ဇက် ဆိုတဲ့ကောင်လေးနဲ့ ချောက်တွန်းတဲ့ အခါ ကလေးကို မြွေနဲ့တိုက်တဲ့အခါတွေကျတော့ တော်တော်များနေပြီပေါ့နော်။ ကိုယ်ကိုယ်တိုင်လည်းသိပါတယ်။ အဲဒီအခါမှာ သူတို့က မိန်းမချောတင်မဟုတ်တော့ဘူး။ သံသာမိုးသိမ့်ကိုပါ သူတို့က ဆဲချင်လာကြတယ်။ အဲဒီလို ဆဲလာတဲ့အခါကျတော့ စိတ်မကောင်းဖြစ်တာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Than Thar Moe Theint

မိန်းမချော ကာရိုက်တာအတွက် ပရိသတ်တွေရဲ့ အပြောအဆိုခံရဖို့ကိုလည်း သံသာမိုးသိမ့်က ပြင်ဆင်ထားပြီးသားပါတဲ့။ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့်လည်း သည်းခံနေတယ်လို့ Star Awards ဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

‘’အနုပညာရှင်ဆိုတာ အဆဲခံရမယ်။ ပရိသတ်ပြောတာလည်းခံရမယ်၊ ဆိုတာလည်းခံရမယ်။ ပရိသတ်က ရိုက်သွားမယ်ဆိုရင်တောင် ခံရမယ့် အမျိုးကိုး။ ဒါလည်း ကိုယ်က ကြိတ်မှတ်သည်းခံရတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဒီကာရိုက်တာကို ရွေးပြီးသွားပြီ လုပ်ပြီးသွားပြီဆိုတော့ ပြန်လှည့်လို့မှ မရတာ။ ဒီဇာတ်ကားမတက်ခင်က အဆဲခံ၊အပြောခံရမယ်ဆိုတာသိတယ်။ ပြင်လည်း ပြင်ဆင်ထားတယ်။ ဒါပေမယ့် တကယ်တမ်း လက်တွေ့ကြတော့ မခံစားနိုင်ဘူးပေါ့နော်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: Amazing Grace

သံသာမိုးသိမ့်ဟာ ‘’ကျွန်မက မဟေသီ’’ရုပ်သံဇာတ်လမ်းတွဲထဲက မိန်းမချောဆိုတဲ့ ကာရိုက်တာကို လက်ခံဖြစ်ခဲ့ပုံကို ပြောလာပါတယ်။ သူ့ရဲ့ အနုပညာအရည်အချင်းတွေကိုလည်း ပရိသတ်တွေ အသိအမှတ်ပြုစေချင်ပါတယ်တဲ့။

‘’ဒီကာရိုက်တာလေးကို ပရိသတ်ဆီကို ချပြချင်တယ်။ ပရိသတ်ရောလက်ခံချင်လားပေါ့။ ညီမက သရုပ်ဆောင်လိုက်ရင် ချစ်ဖို့ကောင်းတာလေးတွေ၊ ရှပ်ပြာ ရှပ်ပြာ ပုံစံမျိုးတွေ သရုပ်ဆောင်တာများတော့ ပရိသတ်က အဲဒီလိုမျိုးတွေ မြင်နေတော့ အဲဒီဟာကို ညီမက ပြောင်းချင်တယ်။ သူတို့ရဲ့ မျက်စိထဲမှာ ဒီသရုပ်ဆောင်တစ်ယောက်က မိုက်ရိုင်းချင်လည်းရတယ်၊ မုန်းချင်လည်းရတယ်၊ ချစ်ချင်လည်းရတယ်ဆိုတဲ့ အသိကို ညီမက သူတို့ကိုပေးချင်တယ်။ အဲဒါကြောင့် ဒီကာရိုက်တာကို ရဲရဲဝံ့ဝံ့ နဲ့ ညီမလုပ်ခဲ့တာဖြစ်ပါတယ်’’ လို့ဆိုပါတယ်။

Photo: Than Thar Moe Theint

သံသာမိုးသိမ့် ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာပါ။ အခုလက်ရှိမှာလည်း ‘’ ကျွန်မက မဟေသီ’’ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးထားတာဖြစ်ပါတယ်။ သူဟာ အခုဆိုရင်တော့ ဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က