သားနဲ့ သမီးက အဖေ၊ အမေ မရှိလည်း နေတတ်ကြတော့ စိတ်ချမ်းသာရပါတယ်။

ပြေတီဦးက ဇနီးဖြစ်သူက ရုပ်ရှင်ရိုက်နေလို့ အိမ်မှာ ကလေးထိန်းနေရတယ်လို့ ပြောပါတယ်။ ကလေးတွေကလည်း အရမ်းလိမ္မာကြတယ်လို့ဆိုပါတယ်။ မိဘတွေ အိမ်မှာမရှိလည်း ကျန်ခဲ့တဲ့သူတွေနဲ့ အဆင်ပြေအောင်နေတတ်ကြတဲ့ ငလည်လေးတွေပါတဲ့။ 

Photo: Pyay Ti Oo



ပြေတီဦးကတော့ အလုပ်ခဏအားတုန်းလေး ကလေးတွေကို ထိန်းနေတယ်လို့ဆိုပါတယ်။ ဇနီးချောလေး အိန္ဒြာကျော်ဇင်က ဘာလီကျွန်းမှာ ရုပ်ရှင်သွားရိုက်နေပါတယ်တဲ့။ ကလေး ထိန်းရတာ သူ့အတွက် မခက်ခဲဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ မအူဝဲက ဘာလီမှာ ဇာတ်ကားသွားရိုက်တော့ အစ်ကိုက ကလေးထိန်းတာပေါ့။ ပြီးရင် အစ်ကိုလည်း ခရီးထွက်ရဦးမှာ။ ကိုယ်တွေ ခရီးသွားလို့ သားနဲ့သမီး အိမ်မှာကျန်ခဲ့လည်း အဆင်ပြေတယ်။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက အဖေနဲ့အမေ ခရီးသွားရင် မသွားပါနဲ့လိုက်ချင်တယ်ဆိုတာမျိုး မရှိဘူး။ အိမ်မှာ အဘွားတွေ၊ သူ့အဒေါ်တွေ၊ မောင်နှမ ဝမ်းကွဲတွေကျန်ခဲ့တာဆိုတော့ သူတို့ကို တည့်အောင်ပေါင်းတာ” လို့ သူကဆိုပါတယ်။ 

Photo: Pyay Ti Oo

အဲဒီနောက် သမီးကြီး ပြေသုဒ္ဒါရဲ့ အကြောင်းကိုလည်း ဖေဖေ ပြေတီဦးက ပြောပြလာပါသေးတယ်။ အရမ်းကို အနေအေးချမ်းတဲ့ ကလေးတစ်ယောက်ဖြစ်တယ်လို့လည်း ချီးကျူးစကားဆိုထားပါသေးတယ်။ 

“ သမီးကြီးက သူ့ရဲ့ သဘာဝကိုက အေးအေးပဲ နေတတ်တာ။ သူ့ကို တစ်ခုခုမေးပြီဆိုရင်တောင် သူက ပြန်ဖြေချင်မှ ပြန်ဖြေတာ။ ပန်းချီလေးတွေ ဆွဲတယ်။ ကိုယ်ပိုင်အိုင်ဒီယာနဲ့ ဖန်တီးရတာတွေကို သူက စိတ်ဝင်စားတယ်။ သူကတော့ အငြိမ်ဇယား သူ့ဘာသာသူနေတာများတယ်။ တစ်ခါတလေ You Tube မှာ လက်ကောက်လုပ်တာ၊ တခြား ဒီဇိုင်းလေးတွေ လုပ်တာကို သူ အမြဲကြည့်ပြီးတော့ လိုက်လုပ်တယ်” 

Photo: Pyay Ti Oo

သားငယ်လေး ပြေဓီရ ကတော့ အရမ်းအဆော့သန်တဲ့သူပါလို့ ပြေတီဦးက ပြောပါတယ်။ လူကလည်း အရမ်းထွားလာပြီဖြစ်လို့ သူနဲ့ ဖိုက်တင်ချတိုင်းဆော့ရင် အရမ်းနာတယ်လို့ ပြေတီဦးက ဖေဖော်ဝါရီလ ၅ ရက်နေ့က “ရွှေမင်းသမီး”ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

“ သားသားကကျတော့ ဟိုပြေးလိုက်၊ ဒီကပ်လိုက်နဲ့ သူက အဖေကို အရမ်းကပ်တယ်။ ညဘက်တွေဆို ဖေဖေ ချမယ်ဆိုတာချည်းပဲ။ သူ့ အမေက ကျတော့ သူနဲ့မဆော့နိုင်ဘူးလေ။ ဖိုးဓီက နည်းနည်း လူကောင်ကြီးလာပြီဆိုတော့ သူထိုးရင်နာတယ်။ အစ်ကိုက ယောကျ်ားလေးဆိုတော့ သူထိုးမယ့်နေရာကို ကိုယ်က တောင့်ထားရတယ်လေ။ သူ့အမေကို ထိုးတော့ .. ဖိုးဓီ နာတယ်ဆိုပြီး အော်နေရရော။ ဖိုးဓီကလည်း မထင်ရင် မထင်သလို ခန္ဓာကိုယ်ပေါ်တွေတက်ပြီး စုံ ခုန်ပစ်တာဆိုတော့ နာတာပေါ့” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။  

Photo: Pyay Ti Oo

အိန္ဒြာကျော်ဇင်ကတော့ အခုလက်ရှိ ဘာလီကျွန်းမှာ "နတ်" ရုပ်ရှင်ဇာတ်ကား သွားရောက်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ဟာ အခုဆိုရင်တော့ သုဒ္ဒါ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပြီဖြစ်ပါတယ်။ ပြေတီဦးကတော့၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ 




ဆက်စပ်အကြောင်းအရာများ



က္က