တော်တော်ကို ညှိယူခဲ့ရတာပါ။

မနောကတော့ ပရိသတ် စိတ်ဝင်စားစေမယ့် သီချင်းအသစ်လေးတစ်ပုဒ်အကြောင်းပြောပြလာပါတယ်။ “မင်းကိုလည်း ချစ်တယ်..အိမ်က မိန်းမကိုလည်းကြောက်တယ်” ဆိုတဲ့ သီချင်းလေးကတော့ ပရိသတ်နားထဲ စွဲလွယ်မယ့် သီချင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုတော် မနောကတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေ အသစ် ထွက်ရှိလို့လာပါပြီ။ ဒီအခွေထဲမှာတော့ ပါဝင်တဲ့ “မင်းကိုလည်းချစ်တယ်..အိမ်က မိန်းမကိုလည်းကြောက်တယ်” ဆိုတဲ့ သီချင်းအကြောင်းကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“ ဒီသီချင်းကို တေးရေးဆရာ စပြကတည်းက ကျွန်တော့်အမျိုးသမီးက မကြည်ဘူးလေ။ မဆိုစေချင်ဘူး အဲဒီတော့ ပျော်စရာကောင်းတဲ့ရသလေးအနေနဲ့ ဆိုလိုက်မယ်နော်လို့ ပြောပြီးတော့မှ ဆိုဖြစ်သွားတာ။ ရိုက်ကူးရေးသရုပ်ဆောင်တဲ့နေရာမှာလည်း ဖြူဖြူထွေးလည်း မနစ်နာအောင်၊ ပရိသတ်ချစ်အောင်၊ ရွှေပိုးအိမ်ကိုလည်း ပရိသတ်ချစ်အောင် ပုံဖော်ထားပါတယ်” လို့ ဆိုပါတယ်။

Photo: Ma Naw

သီချင်း MTV ထဲမှာတော့ ရွှေပိုးအိမ်က မနောရဲ့ ဇနီးအဖြစ်၊ ဖြူဖြူထွေးကတော့ မနောရဲ့ ချစ်သူလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီ MTV ကတော့ ယောကျ်ားလေးတွေရဲ့ သဘောသဘာဝကို ဖွင့်ပြထားတဲ့ အရာလေးပါလို့ မနောက ပြောပါတယ်။

“ ယောကျ်ားလေးတွေဘက်ကိုတော့ သဘာဝအနေနဲ့ရိုက်ပြလိုက်တယ်။ ကျွန်တော်တို့ကိုတော့ ပရိသတ်က ပြောတော့ပြောမှာ သိနေတယ်။ ကိုယ့်ကိုယ်ကိုယ် ခံယူချက်ကတော့ ကိစ္စမရှိပါဘူး။ ဟာသလေးအနေနဲ့ရိုက်လိုက်တာပါ။ ယောကျ်ားလေး သဘော သဘာဝက အဲဒီလောက်တော့ ရှိတယ်။ မိန်းကလေးတွေက အဲဒီလောက်ဆိုရင်ကို တော်တော်မုန်းနေပြီလေ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့တာပါ။

“မင်းကိုလည်းချစ်တယ်..အိမ်က မိန်းမကိုလည်း ကြောက်တယ်” သီချင်းရဲ့ အမှတ်တရတွေကိုလည်း မနောက နိုဝင်ဘာလ ၂၀ ရက်နေ့မှာပြုလုပ်တဲ့ “ကိုယ့်ကိုယ်ကိုယ်သာ ကိုးကွယ်ရာ” ဆိုတဲ့ တစ်ကိုယ်တော်အခွေ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

“ ဒီသီချင်းက ရလွယ်တယ်။ အိမ်မှာ ဆိုရင်တောင်မှ အထုခံရမှာ သေချာတယ်။ ကျွန်တော့်အပေါင်းအသင်းတွေ ကျွန်တော့်ကို ပြန်ပြောတယ် မင်းသီချင်းကို အိမ်မှာဆိုတာ ငါ့မိန်းမ နဲ့ တော်တော်ကို ရှင်းယူရတယ်။ အဲဒီကိစ္စကတော့ တော်တော်ကို ပြသနာတတ်တယ်။ ကိုယ့်မိန်းမကိုလည်း တအားကြီးတော့ မပြောရပါဘူး။ နည်းနည်းတော့ ချော့ပြောရတာပေါ့။” လို့ သူကဆိုပါတယ်။

Photo: Ma Naw

မနောကိုတော့ ပရိသတ်တွေက ‘’မိချောရေ’’၊ ‘’ဗိုလ်အောင်ဒင်’’ သီချင်းတွေကနေတဆင့် ပရိသတ်စတင်သိရှိခဲ့တာပါ။ ဒီသီချင်းတွေကလည်း ကလေးတိုင်းသာမက၊ လူကြီး၊ လူငယ်တွေရဲ့ ပါးစပ်ဖျားမှာပါ ရေပန်းစားခဲ့တဲ့ သီချင်းပါ။ သူ သီဆိုထားတဲ့ ‘’မိချောရေ’’ သီချင်းကလည်း သင်္ကြန်ရောက်ပြီဆိုရင် မဖြစ်မနေ ဖွင့်ရတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်လို့နေပါပြီ။ မနော( Ma Naw)ဟာ မြန်မာသံစဉ်တေးသီချင်းတွေကို မြူးမြူးကြွကြွ သီဆိုလေ့ရှိတဲ့ အဆိုတော်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့နေပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က