စင်ပေါ်မှာ ကျခဲ့တဲ့ မျက်ရည်တွေကို အခုလို ပြောပြလာပါတယ်။

ခင်ရတနာစိုးကတော့ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲမှာ မိခင်ဖြစ်သူနဲ့ အတူတူ သီဆိုခဲ့ရတဲ့ အမှတ်တရကို ပြောပြလာပါတယ်။ 

Photo: The Voice Myanmar



ခင်ရတနာစိုးကတော့ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲမှာ "ငယ်ကျွမ်းဆွေ" ဆိုတဲ့ သီချင်းနဲ့ ပြိုင်ခဲ့တာဖြစ်ပြီး ဒိုင်လူကြီး(၄) ဦးစလုံးရဲ့ လှည့်ကြည့်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ သူမကို မြန်မာသံစဉ်တွေ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်အောင် မိခင်ဖြစ်သူက သင်ကြားပေးခဲ့တာဖြစ်တယ်လို့ သူက ဒိုင်လူကြီးတွေကို ပြောပြခဲ့ပါတယ်။ 

ဒါကြောင့် ဒိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ မိခင်ကို စင်မြှင့်ပေါ် သို့ ခေါ်ဆောင်ပြီး သီချင်းတွေ အတူတူ ဆိုခဲ့ရတဲ့ ခံစားချက်ကို Duwun ကနေ အခုလို ပြောပြလာပါတယ်။ 

" ကိုယ့်ကို ဒိုင်လူကြီး(၄) ဦးစလုံးကလည်း လှည့်ကြည့်ခဲ့တယ်။ ပြီးတော့ မေမေ နဲ့ အတူတူ စင်ပေါ်မှာ ဆိုခဲ့ရတဲ့ ခံစားချက်က အတိုင်းမသိ ဝမ်းသာပါတယ်။ မေမေက သီချင်းဆိုတတ်တယ်ဆိုပေမယ့် ညီမလိုပဲ မသိကြဘူး။ ညီမဆိုရင် အသက်က(၂၀) အနုပညာအလုပ်တွေ လုပ်လာတာ ကြာပြီ ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် The Voice Myanmar ကနေမှ တဆင့် ညီမကိုရော မေမေ့ကိုပါ သိလာကြတဲ့ အတွက် ဝမ်းသာတယ်။ မေမေဟာ အသံကောင်းရဲ့သားနဲ့ သူ့ကို မြေတောင်မြှောက်ပေးတဲ့သူ မရှိတဲ့အတွက် မေမေ့ဘဝလေး နွံနစ်ခဲ့ပါတယ် " လို့ သူကဆိုပါတယ်။ 

Photo: The Voice Myanmar

ခင်ရတနာစိုးဟာ သူမလိုပဲ မိခင်ဖြစ်သူကလည်း ဂီတကို ဝါသနာကြီးတဲ့ သူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ မိခင်ဖြစ်သူ သီဆိုခွင့်ရခဲ့တဲ့ အပေါ် သူမအနေနဲ့ ဂုဏ်ယူနေမိတယ်လို့ဆိုပါတယ်။ 

" စင်ပေါ်မှာတုန်းက ကျခဲ့တဲ့ မျက်ရည်ကလည်း မကျအောင် ထိန်းထားရဲ့သားနဲ့ ကျသွားတဲ့ မျက်ရည်ပါ။ ဒါကို တချို့က ပြိုင်ပွဲ မစခင်ကတည်းက မျက်ရည်ချူခဲ့တယ်လို့ပြောကြတာတွေရှိတယ်။ တကယ်ချူတာ မဟုတ်ပါဘူး။ မေမေ့အတွက်လည်း ဂုဏ်ယူသလို အမေကလည်း ညီမအတွက် ဂုဏ်ယူနေမယ်လို့ထင်ပါတယ်။ ဘဝမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေ အများကြီးရှိတယ်။ သားအမိနှစ်ယောက် ရုန်းကန်ခဲ့ရတာတွေရှိတယ်။ ဒါပေမယ့် စင်ပေါ်မှာ ညီမတို့ သားအမိနှစ်ယောက်ရဲ့ သီဆိုမှုတွေကို အားပေးနေတဲ့ မနီနီခင်ဇော်၊ ကို R ဇာနည်၊ ကိုကျားပေါက်၊ ကိုရန်ရန်ချမ်း တို့ကြောင့်လည်း အရမ်းကို ပျော်ပါတယ်" လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Khin Yandanar Soe

ခင်ရတနာစိုးဟာ ဂီတ နဲ့ ပတ်သက်ပြီး ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူရဲ့ ဆိုင်းပွဲတွေမှာ သီချင်းတွေ သီဆိုခဲ့ဖူးသူတစ်ယောက်ပါ။ သူမဟာ ဖခင်ဆုံးပါးသွားတဲ့နောက် အသက်(၁၂) နှစ်အရွယ်မှာ ကိုယ်ပိုင် ဆိုင်းဝိုင်းရရှိခဲ့တာဖြစ်ပြီး ဆိုင်းတီးရာမှာလည်း ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တာမို့ ရွှေတံဆိပ်ဆုတွေလည်း ရရှိခဲ့ဖူးတာကိုလည်းတွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကတော့ Myanmar idol သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က